DVB Logo
Home
မြန်မာသတင်း
ရေဖြူမြို့တွင် စစ်တပ်အရာရှိ လိုက်ပါလာသည့်ကား မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံး၊ မြိတ်မြို့တွင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ
DVB
·
May 25, 2023
ရေဖြူမြို့တွင် စစ်တပ်အရာရှိ လိုက်ပါလာသည့်ကား မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံး၊ မြိတ်မြို့တွင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အမှတ် ၃၀၄ အမြောက်တပ်က ဗိုလ်မှူးအဆင့် အရာရှိတဦး အပါအဝင် ၃ ဦး လိုက်ပါလာတဲ့ ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဉ်ကို ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်း ကျောက်ကညှာရွာအနီးမှာ မေ ၂၃ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေဖြူ ပကဖ ဝေဟင်တပ်ဖွဲ့က မေ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ဟိုက်ဂျက်ကား ပျက်စီးသွားပြီး တဦးပွဲချင်းပြီးသေဆုံးကာ ဗိုလ်မှူးအဆင့်ရှိသူနဲ့ တခြားတဦးကို အရေးပေါ်ကားနဲ့ စစ်တပ်ဆေးရုံကို သယ်ဆောင်သွားပြီး မေ ၂၄ ရက်မှာ ဒဏ်ရာရနေတဲ့ အရာရှိလည်း သေဆုံးသွားပြီလို့ ဝေဟင်တပ်ဖွဲ့က အတည်ပြုပါတယ်။

မေ ၂၄ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ကားတွေနဲ့ ကျောက်ကညှာရွာကို ရောက်လာပြီး စာရင်းစာရွက်နဲ့ တိုက်စစ်ဆေးကာ နေအိမ်တချို့က ရွာသား ၂၀ ကျော်ကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တချို့ ပြန်လွတ်လာကြပြီ။ တော်တော်များများက အမြောက်တပ်ထဲမှာ စစ်ဆေးခံနေရတုန်း” လို့ ရေဖြူမြို့ခံတဦးက ပြောပါတယ်။

ဝေဟင်တပ်ဖွဲ့ကတော့ အခုတိုက်ခိုက်မှုဟာ ရွာသားတွေနဲ့ မသက်ဆိုင်ဘဲ သူတို့ရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း ဘုရားမဲစစ်ကောင်စီဂိတ် တိုက်ခိုက်မှုနဲ့အတူ ရေး-ထားဝယ် ကားလမ်းပေါ်မှာ ရေဖြူအခြေစိုက် ခမရ ၄၀၆ က တပ်ရင်းမှူး လိုက်ပါလာတဲ့ကားကို ဝေဟင်တပ်ဖွဲ့ အပါအဝင် မဟာမိတ်တွေက တိုက်ခိုက်ခဲ့တာကြောင့် တပ်ရင်းမှူး သေဆုံးခဲ့ပါတယ်။

အခုလို ရေး-ထားဝယ် ကားလမ်းပေါ်မှာ မကြာခဏ စစ်ကောင်စီတပ်ယာဉ်တန်းနဲ့ ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံနေရတာကြောင့် မေလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က ယာဉ်တန်းတွေမှာ အရပ်သားကားတွေကို ကြားညှပ်ချောဆွဲ ခေါ်ဆောင်တာကို လုပ်ဆောင်လာနေပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ပပြင်ကျေးရွာက စစ်ကောင်စီပိုင် မိုင်တဲတာဝါတိုင် ၁ တိုင်ကို ပထမဆုံးအကြိမ် မိုင်းဖောက်ခွဲခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့ (King Cobra) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက် မနက် ၅ နာရီလောက်မှာ မိုင်တဲတာဝါတိုင်ကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံပြည်သူတဦးက “ဒီ မိုင်တဲတာဝါတိုင် မိုင်းဖောက်ခွဲခံရပြီးတော့ စစ်တပ်က လာစစ်ဆေးသွားတယ်လို့ ပြောတယ်။ တာဝါတိုင်ကတော့ မိုင်းဖောက်ခွဲတော့ ပျက်စီးသွားပြီ။ ခုတော့ မိုင်တဲလိုင်းအဆက်အသွယ် လုပ်မရတော့ဘူး။ တခြားဖုန်းလိုင်းတွေတော့ သုံးလို့ရတာပေါ့” လို့ ပြောပါတယ်။

ပပြင်ကျေးရွာနဲ့ အနီးအနား ကျေးရွာတွေမှာ မိုင်တဲဖုန်းလိုင်းအပြင် တခြားဖုန်းလိုင်းတွေပါ ရရှိပေမဲ့လည်း အဆိုပါ မိုင်တဲတာဝါတိုင်တခုသာ ဖုန်းလိုင်းကောင်းမွန်တယ်လို့ သိရပါတယ်။

ပပြင်ကျေးရွာ အနီးအနားတဝိုက်မှာ ဘုတ်ခြံကျေးရွာက စစ်ကောင်စီတပ် ခလရ ၁၇ တပ်ရင်းနဲ့ ပနိုကျေးရွာ အမြောက်တပ် ၅ဝ၁ တို့အပြင် တခြားကျေးရွာတပ်ရင်းတွေ တချို့လည်း ရှိသေးတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီရဲ့ မိုင်တဲတာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရတာက မြိတ်မြို့နယ်မှာတော့ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်စဥ် အချိန်တုန်းကတော့ တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တို့မှာ တာဝါတိုင်တချို့ မိုင်းဖောက်ခွဲခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013