DVB Logo
Home
Lead Story
ကိုပီတ ဘယ်သူလဲ
DVB
·
May 25, 2023
ကိုပီတ ဘယ်သူလဲ
Donate to DVB

ထိုင်းမှာ ကိုပီတ တို့ရဲ့ မုဖောဝပ်ပါတီ (MFP) အပြတ်အသတ် အနိုင်ရလိုက်တော့ အိမ်နီးချင်း မြန်မာပြည်ကလူတွေ ဝမ်းသာအားရဖြစ်ကြတယ်။ လူငယ်တွေ ဦးဆောင်တဲ့ ကိုပီတတို့ရဲ့ ပါတီက ခုလို အပြတ်အသတ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားကြဘူး။ Surprise ဖြစ်ကြတယ်ပေါ့။ ပိုလို့ထူးခြားတာက ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီနဲ့ ခေါင်းဆောင်တွေက အရေးနိမ့်ပြီး ပြည်သူလူထုလိုလားတဲ့ ပါတီတွေက အနိုင်ရသွားတာပဲ။

ကိုပီတ (သို့မဟုတ်) (Pita Limjaroenrat) ပီတ လင်ဂျာရွန်ရတ်ကို အရင်က သိပ်မသိကြသလို သူ့ရဲ့ “ရှေ့သို့ချီ” (Move Forward ) ပါတီကိုလည်း မြန်မာတွေ သိပ်မရင်းနှီးကြပါဘူး။ ထိုင်းမှာ ရွေးကောက်ပွဲလုပ်တော့မယ် ဆိုတော့ အတိုက်အခံပါတီအနေနဲ့ ရေပန်းစားတာ သက်ဆင်ရဲ့သမီး ပေတုန်တန်ရဲ့ ဖွေ့ထိုင်း (Pheu Thai) ပါတီပါ။

မေလ ၁၄ ရက် ရွေးကောက်ပွဲရလဒ်ထွက်လာတော့ ကိုပီတ တို့ရဲ့ MFP က အမတ်နေရာ ၁၅၂ နိုင်တယ်။ ပေတုန်တန်ရဲ့ ဖွေ့ထိုင်း Pheu Thai က ၁၄၁ နိုင်တယ်။ ကိုပီတတို့ပါတီက ရေပန်းစားတဲ့ ဖွေ့ထိုင်းကို ကျော်တက်သွားတယ်။ အနိုင်ရပါတီ တန်းစီဇယားမှာ စစ်တပ်ဘက်ယိမ်းတဲ့ Bhumjaithai ပါတီက နေရာ ၇၀ နဲ့ တတိယ၊ စစ်တပ်လိုလားတဲ့ ပါလန် ပရာချာရတ် Palan Paracharat က ၄၀ နဲ့ စတုတ္ထ၊ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ရဲ့ United Thai Nation က ၃၆ နဲ့ ပဉ္စမနေရာ အသီးသီးရရှိကြတယ်။

ရလဒ်အရဆိုရင် ဝန်ကြီးချုပ်လောင်းစာရင်း တင်ထားတဲ့ ပရာယွတ်အနေနဲ့  ဝန်ကြီးချုပ် ထပ်ဖြစ်ဖို့ မရှိတော့ဘူး။

ကိုပီတ တို့က ရွေးကောက်ပွဲရလဒ်ထွက်ပြီး နောက်တနေ့မှာပဲ မဟာမိတ်ပါတီတွေနဲ့ပေါင်းပြီး အစိုးရဖွဲ့မယ်လို့ ပြောတယ်။ ခုဆိုရင် အများဆုံးအနိုင်ရတဲ့ ကိုပီတ တို့ရဲ့ MFP နဲ့ ညွန့်ပေါင်း ၇ ပါတီဟာ အစိုးရသစ်ဖွဲ့ဖို့ ပြင်ဆင်နေကြပါပြီ။ ဒီအထဲမှာ ဒုတိယနေရာက Pheu Thai အပါအဝင် Prachachat, Thai Liberal Party, Thai Sang Thai, Fair, Plung Sungkom Mai, Pue Thai Rumphlang တို့ ပါဝင်ပြီး စုစုပေါင်း ၃၁၃ နေရာ ရရှိထားတယ်။ ဒီအရေအတွက်ဟာ လွှတ်တော်အမတ်နေရာ ၅၀၀ ရှိတဲ့ အောက်လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံကျော်တယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုပီတတို့ အစိုးရဖွဲ့လို့ မရသေးဘူး။ အားလုံးပေါင်း အမတ်အရေအတွက် ၃၇၆ ရမှသာ အစိုးရဖွဲ့နိုင်မယ်။

အထက်လွှတ်တော်မှာ အမတ် ၂၅၀ ရှိပြီး အဲဒီထဲက ထောက်ခံသူ ပေါ်လာရင်တော့ ကိုပီတ တို့ အစိုးရဖွဲ့လို့ ရမယ်။ ဒါပေမဲ့ ပရာယွတ် ရွေးချယ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေက ကိုပီတ တို့နဲ့ ပူးပေါင်းဖို့ သိပ်မသေချာသေးဘူး။ လွှတ်တော်မှာ အစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ် ရွေးချယ်တဲ့အခါကျမှပဲ အဖြေပေါ်မှာဖြစ်တယ်။

ခုလောလောဆယ်မှာ ကိုပီတ တို့ရဲ့ ၈ ပါတီ မဟာမိတ်အဖွဲ့က အစိုးရဖွဲ့တဲ့အခါ လိုက်နာကြရမယ့် ဘုံသဘောတူညီချက်တွေ၊ လမ်းညွှန်ချက်တွေကို စုပေါင်း လက်မှတ်ထိုးလိုက်ကြပြီ။ ပါတီတွေကြား နားလည်မှု သဘောတူစာချုပ်လို့ ခေါ်ဆိုရမယ့် MOU ကို ဗိုလ်ချုပ် ပရာယွတ် အာဏာသိမ်းတဲ့ ၉ နှစ်တိတိပြည့်တဲ့ မေလ ၂၂ ရက်က လက်မှတ်ရေးထိုးလိုက်ကြတာပါ။

ကိုပီတ တို့ မဟာမိတ်ပါတီများရဲ့ ဘုံသဘောတူညီချက်နဲ့ မူဝါဒတွေထဲမှာ ထူးခြားတဲ့ အချက်တခုက အများက စိတ်ဝင်စားနေကြတဲ့ “တော်ဝင်ဥပဒေ” (သို့မဟုတ်) “ဘုရင့် အသရေဖျက်မှု ဥပဒေ” ကို ပြင်ဆင်မယ်ဆိုတဲ့အချက် မပါဝင်တာပဲ။

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း စည်းမျဉ်းခံဘုရင်စနစ်ကို ဆက်လက်ထိန်းသိမ်းပြီး လိုအပ်တဲ့ ဥပဒေပြင်ဆင်မှုတွေကို ပြုလုပ်မယ်လို့ပဲ ဖော်ပြထားတယ်။ ဒီအထဲမှာ လက်ဝါးကြီးအုပ်စနစ်နဲ့ တရားစီရင်ရေးစနစ် ပြင်ဆင်ဖို့ အပါအဝင် စစ်မှုထမ်းဥပဒေ၊ လိင်တူလက်ထပ်ခွင့်နဲ့ ဆေးခြောက်တရားဝင် ရောင်းဝယ်သုံးစွဲခွင့် ပြန်ပိတ်ဖို့တွေ ပါဝင်တယ်။ ပါတီတိုင်းက ကိုယ့်ရဲ့မူဝါဒကို လက်ရှိ သဘောတူညီချက်တွေကို မဖောက်မဖျက်ဘဲ အစိုးရအဖွဲ့မှာ ပြင်ဆင်ခွင့်ရှိတယ်လို့ ကိုပီတက ပြောတယ်။

အခု ထိုင်းဝန်ကြီးချုပ် ဖြစ်လာဖို့ အလားအလာအကောင်းဆုံးဖြစ်နေတဲ့ ကိုပီတ ဆိုတာ ဘယ်သူလဲ။ ဘာ့ကြောင့် သူဦးဆောင်တဲ့ MFP က ခုရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးနဲ့ အနိုင်ရခဲ့သလဲ။

ကိုပီတ ဘယ်သူလဲလို့ မေးရင် ကိုပီတ ဟာ လူငယ်လေးတဦးပါလို့ အရင်ဖြေရလိမ့်မယ်။ ၁၉၈၀ ပြည့်နှစ်၊ စက်တင်ဘာလ ၅ ရက်မှာ မွေးတယ်။ အခု သူ့အသက်က ၄၂ နှစ်ကျော်။ မော်ဒယ်နဲ့တူတဲ့ သန့်ပြန့်တဲ့ဥပဓိရုပ် ရှိတယ်။ ဥပဓိရုပ် သန့်ပြန့်သလို ညစ်ပတ်တဲ့ နိုင်ငံရေးနောက်ခံ မရှိဘူး။ စီးပွားရေးလုပ်ငန်းရှင်။ ဟားဗတ်၊ မက်ဆာချူးဆက် ပညာတတ်။ သူ့အဖေက လယ်ယာနဲ့ သမဝါယမဝန်ကြီးရဲ့ အကြံပေးဟောင်း။ စီးပွားရေးလုပ်ငန်းရှင်။ ဦးလေးဖြစ်သူ ပါဒန် လင်ဂျာရွန်ရတ်က အရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ အနီးကပ်အကြံပေးနဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ အတွင်းဝန်။

အသက် ၁၁ နှစ်မှာ သူ့ဖခင်က နယူးဇီလန်၊ ဟာမီလ်တန်ကို စာသင်ဖို့လွှတ်တယ်။ အလယ်အလတ် မိသားစုတခုရဲ့အိမ်မှာနေရင်း ကျောင်းတက်တယ်။ ကျောင်းတက်ချိန်မှာ အချိန်ပိုင်း အပိုဝင်ငွေရှာဖို့ နွားနို့နဲ့ သတင်းစာပို့တဲ့အလုပ် လုပ်တယ်။

သူ့ နိုင်ငံရေးဗီဇက နယူးဇီလန်မှာနေတုန်း ပေါ်လာတယ်။ နယူးဇီလန်က တီဗွီအစီအစဉ်မှာ သူ့အတွက် ကြည့်စရာသိပ်မရှိဘူး။ တခုက ဩစတြေးလျပြဇာတ်၊ တခုက ပါလီမန်ထဲက အငြင်းအခုံ (debates) တွေပဲ ပြတယ်။ ပြဇာတ်ကို သူ စိတ်မဝင်စားတော့ ပါလီမန်ထဲက debate တွေကို သူ အမြဲကြည့်ဖြစ်တယ်။

နယူးဇီလန်မှာ အလယ်တန်းအောင်ပြီးတော့ ထိုင်းကိုပြန်လာတယ်။ သမ်မာဆတ်တက္ကသိုလ် ကနေ စီးပွားရေးနဲ့ စာရင်းကိုင်ဘာသာရပ်နဲ့ ၂၀၀၂ မှာ ဘွဲ့ရတယ်။ နောက်တော့ ဟားဗတ်တက္ကသိုလ်က နိုင်ငံတကာကျောင်းသားတွေကို ပေးတဲ့ စကောလားရှစ် ရတယ်။ ဂျွန်အက်ဖ်ကနေဒီ ကျောင်းကနေ Master of Public Policy ဒီဂရီရတယ်။ ၂၀၁၁ မှာ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်ရဲ့ Sloan School of Management ကနေ Master of Business Administration ဒီဂရီ ထပ်ရတယ်။

ကိုပီတ အဖေ ဆုံးတော့ (အသက် ၂၅ နှစ်မှာ) ထိုင်းကိုပြန်လာပြီး ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းကို ပြန်ဦးဆောင်တယ်။ သူတို့မိသားစုက Agrifood လို့ခေါ်တဲ့ ဖွဲနုဆီလုပ်ငန်း လုပ်တယ်။ ကုမ္ပဏီရဲ့ မန်းနေးဂျင်းဒါရိုက်တာအဖြစ် ၂ နှစ်အတွင်း စီးပွားရေး ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။

ကိုပီတ က Grab Thailand ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ်လည်း (၂၀၁၇ - ၂၀၁၈) မှာ တာဝန်ယူခဲ့တယ်။

ဖျက်သိမ်းခံခဲ့ရတဲ့ Future Forward ပါတီက ထာနာထောင်ရဲ့ ဖိတ်ခေါ်မှုနဲ့ Future Forward ပါတီဝင် ဖြစ်ခဲ့ပြီး ၂၀၁၉ ရွေးကောက်ပွဲဝင်ပြိုင်တော့ လွှတ်တော်အမတ် ဖြစ်လာတယ်။ Future Forward ပါတီ အဖျက်ခံရပြီး နှစ်ပတ်ကြာတော့ Move forward ပါတီသစ်မှာ ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရတယ်။ သူအပါအဝင် ဖျက်သိမ်းခံပါတီက အဖွဲ့ဝင် ၅၄ ဦးဟာ ၂၀၂၀ မတ်လ ၁၄ ရက် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်အဖြစ် ပြန်အရွေးခံရတယ်။

အခု ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ ကိုပီတ တို့ရဲ့ MFP က လူငယ်အများစုကို အခြေခံပြီး ထိုင်းနိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးကို အဓိကထား စည်းရုံးခဲ့တယ်။ အထူးသဖြင့် Gen-Z လို့ခေါ်တဲ့ မျိုးဆက်သစ် ထိုင်းလူငယ်တွေက MFP ကို ထောက်ခံအားပေးကြတယ်။ ထိုင်းနိုင်ငံရေးစနစ်ကို တောက်လျှောက်ကြီးစိုးလာတဲ့ ဘုရင်နဲ့ စစ်ဗိုလ်ချုပ်တွေကို ဆန့်ကျင်ကြတယ်။

အထူးသဖြင့် ဘုရင်နဲ့ တော်ဝင်မိသားစုတွေကို မတို့မထိရဲအောင် ပြဋ္ဌာန်းထားတဲ့ ရာဇဝတ်ပုဒ်မ-၁၁၂ (Royal Defamation Law) ကို ပြင်ဆင်လိုကြတယ်။

ကျောင်းသားလူငယ်အများစု ပါဝင်တဲ့ ၂၀၂၀ ဘန်ကောက်ဆန္ဒပြပွဲရဲ့ နောက်ဆက်တွဲဟာ အခု ရွေးကောက်ပွဲမှာ လာပြီးထင်ဟပ်တယ်။ ရွေးကောက်ပွဲမတိုင်ခင် အင်တာဗျူးတခုမှာ ကိုပီတ ပြောခဲ့တာက “demilitarise, demonopolise, decentralise” ပါ။

ကိုပီတက ထိုင်းရုပ်ရှင်မင်းသမီး ချူတီမာ တီပါနတ်နဲ့ ၂၀၁၂၊ ဒီဇင်ဘာမှာ လက်ထပ်တယ်။ “ပီပင်” လို့ခေါ်တဲ့ သမီးလေးတယောက် ရှိတယ်။ ကိုပီတ နဲ့ ချူတီမာ တို့ ၂၀၁၉ မှာ ကွာရှင်းပြတ်စဲခဲ့တယ်။ သမီးလေးက ကိုပီတရဲ့ အုပ်ထိန်းမှုအောက်မှာရှိပြီး မဲဆွယ်စည်းရုံးရေး ပြုလုပ်တိုင်း သမီးလေးကိုပါ စင်ပေါ်ခေါ်သွားလို့ ပရိသတ်တွေက ချစ်ကြတယ်။ ကိုပီတ ရဲ့ ဆိုရှယ်မီဒီယာမှာ follower တသန်းကျော်ရှိပြီး သူ့ကို လူချစ်လူခင်များကြတယ်။

ကိုပီတ ဝန်ကြီးချုပ် ဖြစ်လာမလား၊ ဖြစ်မလာဘူးလား။ ခုချိန်မှာ ပြောဖို့စောသေးတယ်။ ရှုပ်ထွေးတဲ့ ထိုင်းနိုင်ငံရေးဖြစ်စဉ်မှာ ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရဦးမယ်။ အထက်လွှတ်တော်အမတ်တွေကတော့ ကိုပီတကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံမယ်၊ မထောက်ခံဘူး မဆုံးဖြတ်ရသေးဘူးလို့ ဆိုတယ်။

ကိုပီတ ကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတဦးကတော့ ကိုပီတဟာ iTV မီဒီယာကုမ္ပဏီမှာ ရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ထားလို့ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခွင့်မရှိဘူးလို့ ဆိုတယ်။ အခု ရွေးချယ်ခံရပြီးဖြစ်လို့ ဒီကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက နောက်ပိုင်းမှာ ဘယ်လိုဝင်စွက်ဦးမလဲ ဆိုတာလည်း စောင့်ကြည့်ရဦးမယ်။

CWM

ref: Bangkok Post. 23-5-2023

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013