
ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှာ ၁၀ ရက်ဆက်တိုက်ဖြစ်ပွားလို့ စစ်ကောင်စီတပ်သား အယောက် ၄၀ ခန့် သေဆုံးခဲ့သလို ကရင်နီပူးပေါင်းတပ်ဘက်ကလည်း ၈ ဦးသေဆုံးခဲ့ရပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်ကနေ ဒေါလျားခူကျေးရွာ တောင်ပေါ်ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်တွေက မေလ ၁၄ ရက်ကနေ ဒီကနေ့အထိ တိုက်ခိုက်ခဲ့ပါတယ်။
ဒေါလျားခူရွာ အရှေ့ဘက်တောင်ပေါ်သို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းတွေကို ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာ အမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နဲ့ Loikaw PDF တို့ ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ပြီး မေလ ၂၃ ရက် အထိ ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

၁၀ ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့် ၁ဦး၊ ဗိုလ်အဆင့် ၂ ဦး အပါအဝင်တပ်သား ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတင်းထုတ်ပြန်ပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ကလည်း ရဲဘော် ၇ ဦးနဲ့ ကရင်နီတပ်မတော်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ရကြောင်းလည်း ထုတ်ပြချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပြီး တပ်ရင်းမှူး၊ ယာယီတပ်ရင်းမှူး ၊ ဗိုလ်အဆင့်ရှိသူ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေကို ဦးဆောင်စစ်ချီလာတဲ့ တပ်ရင်းမှူးနဲ့ ယာယီတပ်ရင်းမှူးတစ်ဦး တို့ဟာလည်း တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာတဲ့အတွက် အနောက်သို့ပြန်ပြေးခဲ့ပေမဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို လုံးဝဆုတ်ခွာခွင့်မပေးဘဲ ရှေ့သို့အတင်းအကျပ်တက်ခိုင်းတယ်လို့လည်း ဆိုပါတယ်။
ဒီလို လူသားမဆန်တဲ့ အမိန့်အာဏာတွေကို အနောက်ကနေ့ပြီး အမိန့်ပေး စေခိုင်းနေသလို မြေပြင်တိုက်ပွဲတွေအတွင်း ငယ်သားဗိုလ်နဲ့ တပ်သားတွေကို အသေခံခိုင်းနေတဲ့ အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။
ကရင်နီ ပူးပေါင်းတပ်ဘက်ကတော့ စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းမိခဲ့သလို MA-1,2,3,4 ၊ 9mm Pistol၊ RPG နဲ့ ဆက်စပ်လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။တိုက်ပွဲအတွင်း ဖရူဆို၊ ဒီးမော့ဆို ငွေတောင်၊ လွိုင်ကော် အခြေစိုက်တပ်တွေကနေ လက်နက်ကြီး ပစ်ကူရှိသလို ဂျက်တိုက်လေယာဉ်နဲ့ အကြိမ် ၅၀ ထက်မနည်း ဗုံးကြဲတာတွေ ၊ လေယာဉ်ပေါ်ကနေ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










