DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို ထောက်ပံ့နေသည့် ဗြိတိန်အာမခံကုမ္ပဏီ ၅ ခုကို အမည်ပျက်စာရင်းသွင်း
DVB
·
May 24, 2023
မြန်မာစစ်တပ်ကို ထောက်ပံ့နေသည့် ဗြိတိန်အာမခံကုမ္ပဏီ ၅ ခုကို အမည်ပျက်စာရင်းသွင်း
Donate to DVB

မြန်မာနိုင်ငံကို လေယာဉ်လောင်စာဆီ ပို့ဆောင်မှုအတွက် အာမခံပေးမှုကို ရပ်တန့်ဖို့ ကတိကဝတ် ပျက်ကွက်ခဲ့ပြီးနောက် ဘားမားကမ်ပိန်းအဖွဲ့က ဗြိတိန်အာမခံကုမ္ပဏီ ၅ ခုကို အမည်ပျက်စာရင်းမှာ ထပ်မံထည့်သွင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ အာမခံကုမ္ပဏီ ၅ ခုကတော့ UK P&I၊ Steamship Mutual၊ Britannia P&I၊ North Standard နဲ့ Shipowners’ Club တို့ ဖြစ်ပြီး သူတို့ဟာ မြန်မာနိုင်ငံကို လေယာဉ်လောင်စာဆီ ပို့ဆောင်တဲ့ သင်္ဘောတွေအတွက် အကာအကွယ်နဲ့ လျော်ကြေးငွေ အာမခံ အပြန်အလှန် ပေးအပ်နေတဲ့ လုပ်ငန်းတွေဖြစ်ပြီး ခုလို စစ်အုပ်စုကို လေယာဉ်လောင်စာဆီ ပို့ဆောင်ပေးနေတဲ့ ထောက်ပံ့ရေးကွင်းဆက်ထဲမှာ သူတို့ရဲ့ ပါဝင်တဲ့အခန်းကဏ္ဍကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) က ထုတ်ပြန်တဲ့ Deadly Cargo အစီရင်ခံစာထဲမှာလည်း ဖော်ပြထားခဲ့ဖူးပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ်ဖန်မနာက “မြန်မာစစ်တပ်က အရပ်သားတွေကို စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကိုတောင် လေကြောင်းကနေ ခွဲခြားပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ခုလို အာမခံပေးနေတာမျိုးက မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ ပို့ဆောင်ပေးတဲ့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စတင်ကာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတဝန်း အာဏာထိန်းချုပ်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပိုမိုတိုးပွားလာနေခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာမှာ ရွာသူရွာသားတွေ စုရုံးနေတဲ့အချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေးသူငယ် အယောက် ၄၀ ပါဝင်ခဲ့ကာ ဒီအပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ အသီးသီးက အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ဗြိတိန်အစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက မြန်မာစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ထောက်ပံ့ရေးလုပ်ငန်းတွေမှာ ဗြိတိန်ကုမ္ပဏီတွေ ပါဝင်ပတ်သက်တာတွေကို ရှောင်ရှားကြဖို့ လမ်းညွှန်ချက် ထုတ်ပြန်ခဲ့ပေမဲ့ အခုလက်ရှိ အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေကတော့ လျစ်လျူရှုခဲ့ကြတယ်လို့ ဘားမားကမ်ပိန်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို ဘားမားကမ်ပိန်းက အမည်ပျက်စာရင်းသွင်းထားတဲ့ စာရင်းထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ နိုင်ငံတကာ ကုမ္ပဏီ ၁၇၀ ကျော် ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မြန်မာအကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်း တခုဖြစ်တဲ့ ဂန္ဓမာ wholesale အပါအဝင် လုပ်ငန်း ၅ ခုကို ဘားမားကမ်ပိန်းအဖွဲ့က ထပ်မံ အမည်ပျက်စာရင်း သွင်းလိုက်ပြီးနောက်မှာ အမည်ပျက်စာရင်းသွင်းခံထားတဲ့ လုပ်ငန်းပေါင်း ၂၁၂ ခုထိ ရှိလာတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကုမ္ပဏီလုပ်ငန်း ၂၀၀ ကျော်ထဲမှာ အများစုကတော့ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေး ချိတ်ဆက်မှု၊ လက်နက်၊ ဒါမှမဟုတ် တခြားစစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့တဲ့ လုပ်ငန်းတွေ ဖြစ်ပြီးတော့ စစ်အုပ်စုရဲ့ ကြီးမားကျယ်ပြန့်တဲ့ စီးပွားရေးအင်ပါယာ ထုတ်ကုန်တွေ၊ အမှတ်တံဆိပ်တွေကို လူတဦးချင်း၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေအနေနဲ့ အဆိုပါကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူခြင်းကနေ ရှောင်ရှားနိုင်စေဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ပိုင်နဲ့ ထိန်းချုပ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် အရေးကြီးတဲ့ ၀င်ငွေရင်းမြစ်တွေဖြစ်ကာ သူတို့ဆီက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူတာက စစ်အုပ်စုရဲ့ဝင်ငွေကို တိုးမြင့်စေပြီး ဒီငွေတွေကို သူတို့ရဲ့ စစ်ဆင်ရေးအတွက် ရန်ပုံငွေ၊ စစ်ရေးစွမ်းရည်ကို တည်ဆောက်ဖို့နဲ့ သူတို့ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အသုံးပြုနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013