DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် စစ်အုပ်စု တရားစွဲဆိုမှု ဘာတွေသက်ရောက်နိုင်လဲ
မြတ်သဇင်
·
September 15, 2026
Photo: UN
Photo: UN
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်တွင်း ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုထားကြောင်း စစ်အာဏာရှင်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အရေးယူနိုင်ဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုနဲ့ အမေရိကန်နိုင်ငံဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပါ သံတမန်ရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၈ ရက်နေ့မှာ စတင်ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ သံတမန်တွေကို ရာထူးတာဝန် သက်တမ်းတိုးရေး ဆုံးဖြတ်ချက်ပေးမဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် အရည်အချင်းစစ်ကော်မတီ (UN Credentials Committee) ရဲ့ ဆုံးဖြတ်ချက် မထွက်ခင်မှာ စစ်အာဏာရှင်အစိုးရက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်တွင်း ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားကြောင်း စက်တင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူပိုင်ပစ္စည်း လွဲမှားသုံးစွဲမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၂၂(၂)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတို့နဲ့ တရားစွဲဆိုထားကြောင်း ပါရှိပါတယ်။

ဒီလို အချိန်ကိုက် လုပ်ဆောင်မှုဟာ UN ပလက်ဖောင်းပေါ်မှာ သံအမတ်ကြီးရဲ့ ရပ်တည်မှုကို နိုင်ငံရေးအရ ဖိအားပေးဖို့ ကြိုးပမ်းခြင်းသာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

စစ်အာဏာရှင် အစိုးရဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ တို့အရ တရားခံပြေးအဖြစ် ကြေညာပြီး တရားရုံးအမိန့်တွေ ထုတ်ထားသလို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)၊ အမေရိကန်နိုင်ငံဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သံတမန်လမ်းကြောင်းတွေကနေ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုက ဒီလို ထုတ်ပြန်ပေမဲ့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုကနေ အရေးယူနိုင်ဖို့ဆိုတာ အင်တာပို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ အရ အရေးယူမှုတော့ မရှိနိုင်ဘူးလို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုပါတယ်။

“ဒီလိုမျိုး ဖမ်းဝရမ်းထုတ်တဲ့ အချိန်မှာ အင်တာပို အရ ဒီလိုမျိုး agreement ရှိထားတယ်ဆိုရင် Interpol agreement မှာ သူ့ရဲ့ Article 1, 2, 3 ပေါ့နော်၊ အထူးသဖြင့် 3 က အရေးကြီးတယ်။ 3 က လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အခြေခံအချက်အလက်တွေ သူတို့က ပြဋ္ဌာန်းထားတယ်။ အဲ့တော့ လူ့အခွင့်အရေးပေါ်မှာ မူတည်ပြီးတော့ ဒီလိုမျိုး တရားစွဲဆိုမှု ရှိထားတယ်၊ လူ့အခွင့်အရေးနဲ့ ကိုက်ညီမှု ရှိ မရှိ ဆိုတဲ့ဟာကို သူတို့ စိစစ်ပြီးတော့မှ နိုင်ငံအနေနဲ့ အရေးယူမယ်၊ ဒါမှမဟုတ် အဲ့လိုမျိုးပေါ့နော် ပူးပေါင်းပြီးတော့ ဖမ်းဆီးမယ်၊ အရေးယူမယ် ဆိုတဲ့ဟာမျိုး လုပ်တယ်။ အဲ့တော့ အခု သူစွဲဆိုတဲ့ဟာက ဦးကျော်မိုးထွန်း အနေနဲ့ ရာဇဝတ်မှု၊ ဒုစရိုက်မှု သူ ကျူးလွန်ပြီးတော့ တရားစွဲဆိုခြင်း ခံရတဲ့ကိစ္စ မဟုတ်ဘူး။ ဒါက နိုင်ငံရေးအရ စွဲဆိုထားတဲ့ တရားစွဲဆိုမှု ဖြစ်တယ်။ အဲ့အတွက်ကြောင့်မို့ အဲလိုမျိုး သက်ဆိုင်ရာနိုင်ငံ အနေနဲ့တော့ ဒီ တရားစွဲဆိုမှုအပေါ်မှာ အထူးအလေးထားပြီးတော့ အထူးသဖြင့် အမေရိကန်နိုင်ငံ အနေနဲ့ပေါ့နော် အလေးထားပြီးတော့ လုပ်ဆောင်မဲ့ အခြေအနေမျိုးတော့ မရှိလောက်ဘူးလို့ ကျနော်တို့ မှန်းလို့ရပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ကတော့ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို ပိတ်ပင်တာ မပြုဖို့နဲ့ စစ်အုပ်စုရဲ့ အလိမ်အညာတွေကို နေရာမပေးဖို့ တောင်းဆိုထားပါတယ်။

“သံအမတ်ကြီး ဒီနေရာမှာ ရှိနေခြင်းဟာ မြန်မာပြည်သူတွေရဲ့ အသံကို ကမ္ဘာက ကြားခွင့်ရနေတဲ့ အခွင့်အရေးတရပ်ပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့ ပြည်သူတွေရဲ့ အသံကို မပိတ်ပါနဲ့။ သံအမတ်ကြီးကို ဆက်လက်ထားရှိခြင်းဟာ မြန်မာပြည်သူတွေရဲ့ အသံကို ဆက်လက်ကြားနေဖို့ အခွင့်အရေးဖြစ်တယ်။ ဒါကို ကျနော်တို့က နိုင်ငံတကာကိုရော၊ Credentials Committee အဖွဲ့ဝင် နိုင်ငံတွေကိုရော အလေးအနက် မေတ္တာရပ်ခံလိုပါတယ်။”

ဒီနှစ် Credentials Committee မှာတော့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဘယ်လ်ဂျီယံ၊ ဂျမေကာ၊ ဘဟားမားစ်၊ ယူဂန်ဒါ၊ ဘီနင်နဲ့ ဗန်နွာတူ စတဲ့ နိုင်ငံကိုးနိုင်ငံ ပါဝင်ပါတယ်။

ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းအရ Credentials Committee က အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ် အထောက်အထားတွေကို စိစစ်ပြီး အထွေထွေညီလာခံကို အစီရင်ခံ တင်ပြရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ပေါ်မှာပဲ အဓိက အခြေခံ စဉ်းစားတာဖြစ်ပြီး အာဆီယံ ရပ်တည်ချက်ကလည်း စစ်အာဏာရှင်အစိုးရကို လက်ခံခြင်း မရှိသေးတဲ့အတွက် ဒီတခါ ကုလသမဂ္ဂ ကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်မှာလည်း သံအတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ ရာခိုင်နှုန်း ပိုများတယ်ဆိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013