
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်တောင်ကျေးရွာကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ စက်ရုံတခုအနီးက တရားမဝင် မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မေ ၂၂ ရက် မနက် ၁ဝ နာရီလောက်မှာ မယ်တောင်ကျေးရွာထဲက စက်ရုံတရုံကို သတင်းအရ ထိုင်းအာဏာပိုင် အဖွဲ့စုံက ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် နိုင်ငံခြားသားတွေ တွေ့ရှိရတဲ့အတွက် စစ်ဆေးရာကနေ မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရမိလိုက်တာပါ။
အဆိုပါ ဖမ်းဆီးရမိသူတွေက မြန်မာနိုင်ငံ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာတာဖြစ်ကြောင်း ထွက်ဆိုတဲ့အတွက် ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုတွေနဲ့ အရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မေ ၂၂ ရက်ကနေ ၂၆ ရက်နေ့အထိ ထိုင်းအာဏာပိုင်တွေက မဲဆောက်မြို့တွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ဖမ်းဆီးနေတယ်လို့ ဒေသတွင်း သတင်းတွေ ထွက်ပေါ်နေတဲ့အပြင် ထိုင်းအာဏာပိုင်တွေက ဖုန်းတွေပါ စစ်ဆေးနေပြီး နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ သင်္ကေတတခုခု တွေ့တာနဲ့ ဓာတ်ပုံရိုက်ယူတာမျိုးတွေ ပြုလုပ်နေကာ ရဲကတ်မပြုလုပ်ထားရင် ငွေညှစ်တောင်းခံတာမျိုးတွေ ရှိနေတယ်လို့ လက်တွေ့ကြုံခဲ့ရသူတဦးက ဆိုပါတယ်။
“၂၂ ရက်နေ့က ကျနော်တို့တန်းလျားကို ဝင်စစ်တယ်။ ရှေ့ခန်းက လေးယောက်ကို ဖုန်းစစ်တယ်၊ လူတွေကို ဓာတ်ပုံရိုက်ယူတယ်။ ခဏနေ စခန်းခေါ်သွားပြီး ရဲကတ်လုပ်ထားတဲ့ ၂ ယောက်က အသာတကြည် ပြန်လွတ်တယ်။ မလုပ်ထားမိတဲ့ ၂ ယောက်က တယောက်ကို ဘတ် ၃,ဝဝဝ ပေးလိုက်ရတယ်။”
အခုလို ပြုလုပ်နေမှုတွေက လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်ကြောင်း မဲဆောက်မြို့ မြန်မာအသိုင်းအဝိုင်းမှာ ဝေဖန်မှုမြင့်တက်နေပြီး အပြင်မထွက်ရဲဘဲ အထိတ်တလန့်နဲ့ နေထိုင်နေရတယ်လို့ မဲဆောက်မြို့ နေထိုင်သူတွေဆီက သိရပါတယ်။
Source-Tak immigration










