DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း ရဲကင်းစခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်၊ ရေဦးတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
DVB
·
May 24, 2023
စစ်ကိုင်း ရဲကင်းစခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်၊ ရေဦးတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က စစ်ကောင်စီတပ်နဲ့ရဲ ပူးပေါင်းတပ်စွဲထားတဲ့ ပဒူကျေးရွာရဲကင်းစခန်းကို မေ ၂၂ ရက်နေ့ မနက် ၉ နာရီခန့်က စတင်ကာ စီးနင်းတိုက်ခိုက် စခန်းသိမ်းနိုင်ခဲ့ပြီး အချုပ်ခန်းမီးရှို့ကာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပဒူကျေးရွာက စစ်ကောင်စီတပ်နဲ့ရဲ ပူးပေါင်း အင်အား ၃ဝ ခန့်ရှိ ရဲကင်းစခန်းကို မနက် ၈ နာရီလောက် စတင်ချဥ်းကပ်ခဲ့ပြီး ၉ နာရီလောက်မှာ People Servant Force - လက်ရုံးစစ်ကြောင်း နဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီလောက်အထိ ကြာမြင့်ခဲ့တယ်လို့ People Servant Force - လက်ရုံးစစ်ကြောင်းက ပြန်ကြားရေးတာဝန်ခံ ကိုပန်ဒါက ဒီဗွီဘီကို ပြောပါတယ်။

“မနက် ၉ နာရီလောက်ကစတိုက်ခဲ့တာဗျ။ ဝေဟင်ကနေ သုံးကြိမ်တိတိ တိုက်ခိုက်ခဲ့ရပါတယ်။ တိုက်ပွဲမစတင်ခင်ကတည်းက ပြည်သူတွေကိုတော့ အန္တရာယ်ကင်းရာနေရာတွေပို့ပြီး တပ်ရင်းတပ်ဖွဲ့ရဲ့ အမိန့်နဲ့ သေချာပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ တပ်ရင်းရဲ့ Page မှာလည်း တိုက်နယ်တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ထုတ်ပြန်ခဲ့ပါတယ်။ ကျနော့်တို့အနေနဲ့တော့ လတ်တလော အခြေအနေအရ စစ်ကောင်စီရဲ့ ကျဆုံးကို သေချာမသိရသေးပါဘူး၊ အများကြီးသေတယ်ဆိုတာလောက်ပဲ ပြောလို့ရပါမယ်။” 

အဆိုပါရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့ပြီး ရဲစခန်းအချုပ်ကို သိမ်းပိုက်နိုင်တဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေ မုံရွာ နမခဘက်က ပျံသန်းလာတဲ့ Mi 35 ရဟတ်ယာဉ်နဲ့ ပဒူရွာပေါ် ၅ ပတ်ပတ်ကာ ၄ ကြိမ် တိုက်ခိုက်ခဲ့သလို နမခ ကလည်း Mi 17 လေယာဥ်ကို အသုံးပြုကာ ရွှေဘိုမြို့အခြေစိုက် ခလရ ၄၂ က စစ်ကောင်စီတပ်ဖွဲ့တွေကို တင်ဆောင်ကာ ပဒူရွာနဲ့တောင်ရင်းရွာကြားကို အင်အားဖြည့်တင်း လာရောက်ခဲ့တဲ့အတွက် စီးနင်းထားတဲ့ ရဲအချူပ်ခန်းကို ညနေ ၅ နာရီ ၂၈ မိနစ်မှာ မီးရှို့ ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ၁ဝ ဦးထက်မနည်း သေဆုံးခဲ့ကာ တော်လှန်ရေး အင်အားစုဘက်မှ တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပြီး စစ်ကောင်စီပြန်ကြားရေးဘက်က သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

အဆိုပါစီးနင်းတိုက်ခိုက်မှုကို People Servant Force-လက်ရုံးစစ်ကြောင်း၊ Knight Commander Force (အညာမြေတပ်ခွဲ)၊ ဒေသခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ ကျေးရွာ ပ.က.ဖ တပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကို မေ ၂၃ ရက် မနက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့စီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရေဦးမြို့ကနေ အနောက်ဘက်ကို စစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲခဲ့တာလို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“ကျနော်တို့ ကံပေါက်ရွာအနီးမှာ တကြိမ်၊ ‌လက်လံမူးဘောင်အနီးမှာ တကြိမ်  စုစုပေါင်း ၂ ကြိမ် မိုင်းဆွဲခဲ့တာပါ။ ကျနော်တို့ တိုက်ခိုက်လိုက်လို့ (-) တွေ အထိနာပြီး နောက်ပြန်ဆုတ်သွားတယ်။ အဲလိုဆုတ်သွားတာကို ကျနော်တို့ ရှင်းလင်းရေးဝင်တဲ့အခါ (-) တွေ မိုင်းမိတဲ့နေရာမှာ သွေးစ‌တွေ၊ ဂွမ်းစတွေ၊ ဆေးထိုးအပ်တွေ သုံးထားတာတွေ့ရပါတယ်။ နောက်ပြီး ရှေ့တန်းရဲဘော်တွေရဲ့ ပြောပြချက်အရ အလောင်း ၅ လောင်း ထမ်းပြီးသယ်သွားတယ်” လို့ ရေဦးမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရေဦးမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားပြီး ရေဦးမြို့တွင်းကနေ ကား ၅ စီးနဲ့ လာကြိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013