DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများအတွက် ကန်ဒေါ်လာ ၃၃၃ သန်းအရေးပေါ်လိုအပ်ဟု ကုလထုတ်ပြန် 
DVB
·
May 24, 2023
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများအတွက် ကန်ဒေါ်လာ ၃၃၃ သန်းအရေးပေါ်လိုအပ်ဟု ကုလထုတ်ပြန် 
Donate to DVB

အင်အားအလွန်ပြင်းတဲ့ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့  မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိ နှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ ရာမနသန် ဘလာခရစ်ရှ်နန်က “အခု ကျနော်တို့ဟာ (မုန်တိုင်းကြောင့်) ထိခိုက်ခံစားခဲ့ရတဲ့ ရပ်ရွာဒေသတွေ အားလုံးမှာ ဘေးကင်းတဲ့ အမိုးအကာတွေ ပေးဆောင်နိုင်ဖို့နဲ့ ရေကြောင့်ဖြစ်ပွားတဲ့ ရောဂါပြန့်ပွားမှုတွေကို ကာကွယ်ဖို့ အချိန်နဲ့ ပြိုင်ဆိုင်နေရ ပါတယ်။ ဒီအသက်ကယ်လုပ်ငန်းတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ရက်ရောတဲ့ ငွေကြေးပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ ဒါဟာ နဂိုရှိပြီးသား လိုအပ်ချက်တွေ မြင့်မားနေတဲ့ တိုင်းပြည်ရဲ့ အဆင်းရဲဆုံး ဒေသတွေထဲက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ  ကပ်ဘေးတစ်ခုပါ။ နောက်ပြီးတော့ မိုးမကျခင် ထိခိုက်လွယ်ဆုံးသူတွေကို အတိုင်းအတာတခု အထိ အကူအညီတွေ ဖြန့်ဝေပေးဖို့အတွက်လည်း ကျနော်တို့ အလှူရှင်တွေ လိုအပ်နေပါတယ်" လို့ ပြောပါတယ်။

ဒီအကူအညီတွေကိုတော့ အင်အားပြင်း မိုခါ ဆိုင်ကလုန်းသင့်ဒဏ် အခံရဆုံးဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေက ထိခိုက်လွယ်သူတွေကို ထောက်ပံ့ကူညီရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကာ ရန်ပုံငွေ အရေးပေါ်ရရှိနိုင်ဖို့ တောင်းဆိုထားတာပါ။

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ သေဆုံးသူ စုစုပေါင်း ၄၅၅ ယောက်ထိရှိလာပြီး အဲဒီထဲက ယောက် ၄၃၀ ကျော်ကတော့ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မေ ၁၇ ရက်အထိ နောက်ဆုံးရရှိထားခဲ့တဲ့ စာရင်းတွေအရ ဖော်ပြလိုက်တာဖြစ်ပြီး အဆိုပါသေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအ တည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

NUG အစိုးရအနေနဲ့ မုန်တိုင်းကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွေက အပျက်အစီး စာရင်းကောက်ယူမှုတွေကို ဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူစာရင်းတွေ ထပ်မံပြီးတော့ တိုးလာနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကတော့  မုန်တိုင်းကြောင့် သေဆုံးသူ ၄၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပြီး ရခိုင်အခြေစိုက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ စာရင်းမှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တခုတည်းမှာတင် သေဆုံးသူအရေအတွက် ၁၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု တွေ အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲ လောက် ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့က ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ် ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီး နောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင် ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာဒေသတွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီးဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များစွာရှိခဲ့ပါတယ်။

စစ်ကောင်စီကတော့ မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မေလ ၂၂ ရက် အထိစာရင်းအရ  သေဆုံးသူ  ၁၄၈ ဦး၊ ဒဏ်ရာရသူ  ၁၃၁ ဦး၊ နေအိမ်ပျက်စီးမှု  -  ၂၆၁၀၄၉ လုံး၊ စာသင်ကျောင်း  ၁၇၆၀ လုံး၊ ဘာသာရေး အဆောက်အဦ  ၃၀၁၈ လုံး၊ ဆေးရုံ/ဆေးခန်း   ၄၆၀ ခု၊ တာဝါတိုင်    -  ၁၄ တိုင်၊ ဓာတ်တိုင်   -  ၉၉၅၄ တိုင်၊ တိရစ္ဆာန်သေဆုံး  − ၄၈၇၇၇၆ ကောင်နဲ့ လမ်း၊ တံတား၊ အဆောက်အဦပျက်စီးဆုံးရှုံးမှု တန်ဖိုးကျပ်  ၄၅၄၄ ဒသမ ၃၅၁ သန်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013