
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၅၇၀ နီးပါး နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၆၃၅ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၈,၃၁၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၀၃၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၄ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၃၁၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၁ ရက် ညပိုင်းက ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်က Agape ဆေးရုံကို အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းကာ ဆရာဝန် စီစီလျာနဲ့ သူနာပြု ၄ ယောက်ဖြစ်ကြတဲ့ ဟန်နီ၊ ရှမ်းလွန်၊ နှီယာန်းဆုန်နဲ့ ဂျေမွှေယ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူတို့ ၅ ယောက်ကို ဟားခါးမြို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် PDF အဖွဲ့ဝင်တွေလို့ စွပ်စွဲခံရပြီး ဧပြီ ၁ ရက်က ကလေးမြို့အထွက် ပဲဝိုင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားကျေးရွာက ကိုနိုင်မင်းထက်၊ ကိုနေထက်လင်းနဲ့ ကိုမင်းထက်ပိုင်တို့ကို ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ မြို့နယ်တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။










