အမေရိကန်နဲ့ ဗြိတိန်အကြား အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး သဘောကွဲလွဲမှုတွေရှိနေချိန် ဧပြီ ၂၇ ရက်မှာ ချားစ်ဘုရင်နဲ့ မိဖုရား ကမီလာတို့ဟာ အမေရိကန်ကို ၄ ရက်ကြာ ခရီးစဉ် ရောက်ရှိလာပါတယ်။
အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သမ္မတကတော် မယ်လာနီယာထရမ့်ပ်တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။
အဲဒီနောက် ဝါရှင်တန်ဒီစီက ဗြိတိန်သံအမတ်ကြီးရဲ့ နေအိမ်မှာ ကျင်းပတဲ့ ဧည့်ခံပွဲကို တက်ရောက် ခဲ့ကြပါတယ်။
ဒီခရီးစဉ်ဟာ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း နှစ် ၂၅၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် လာရောက်တာပါ။
ဒါဟာ ၂၀၀၇ ခုနှစ် ဘုရင်မကြီး အဲလိဇဘက်ရဲ့ ခရီးစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗြိတိန်ဥသျှောင် ရဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
မကြာခင်က အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လုံခြုံရေးကို အထူးတင်းကျပ်ထားပါတယ်။
ဧပြီ ၂၈ ရက်မှာ ချားစ်ဘုရင်က ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။
နှစ်နိုင်ငံ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပေမဲ့ အမေရိကန်နဲ့ ဗြိတိန် နှစ်နိုင်ငံအနေနဲ့ အတူတကွ ပူးပေါင်းဖို့ နည်းလမ်းတွေကို အမြဲတမ်း ရှာဖွေနိုင်ခဲ့တဲ့အကြောင်း ချားစ်ဘုရင်က ထည့်သွင်း ပြောဆို သွားမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကတော့ ဒီခရီးစဉ်ဟာ ယိုယွင်းနေတဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်ကောင်းလာဖို့ ကူညီပေးမယ်လို့ မျှော်လင့်နေပါတယ်။
ဝါရှင်တန်ခရီးစဉ် အပြီးမှာတော့ 9/11 အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်ဖို့ ဘုရင်နဲ့ မိဖုရားတို့ နယူးယောက်မြို့ကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။
Source: Reuters










