
မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ လက်ရှိအချိန်ထိ လျှပ်စစ်မီး ပြတ်တောက်နေဆဲဖြစ်တယ်လို့ မြို့နယ်တွင်းနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မီးတိုင်တွေပြိုလဲတာ၊ မီးကြိုးတွေပြတ်တောက်တာ မြို့နယ်အလိုက် ရှိခဲ့ပြီးတဲ့နောက် လျှပ်စစ်မီးတွေ ပြတ်တောက်သွားတာ ဖြစ်ပါတယ်။
မုန်တိုင်းကျရောက်ခဲ့တဲ့ မြို့နယ်တွေထဲက တခုဖြစ်တဲ့ မြောက်ဦးမြို့နယ်မှ ဒေသခံတဦးက လျှပ်စစ်မီးနဲ့ ရေပြတ်တောက်နေပြီး အခက်ကြုံနေရဆဲဖြစ်တယ်လို့ ပြောပါတယ်။
“ရေနဲ့ လျှပ်စစ်မီးက မရသေးပါဘူး။ အဆင်ပြေသလိုပဲ နေနေကြရတုန်းပဲ။ ရေက ကိုယ်တိုင်သွားမခပ်နိုင်ရင် ဝယ်သုံးကြရတယ်။ လျှပ်စစ်မီးမရတော့ ဆက်စပ်ပစ္စည်းတွေ အကုန်ဈေးမြင့်နေတယ်။ မီးပြန်ရရင်တော့ ဈေးပြန်ကျမယ်လို့တော့ ပြောကြတာပဲ။”
လက်ရှိ လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်တဲ့ မြို့နယ်တွေကတော့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။
ပုဏ္ဏားကျွန်း ဒေသခံတဦးကလည်း “လျှပ်စစ်ဓာတ်အားပေးရုံတောင် ပျက်သွားတယ် ကြားတယ်။ မီးမရတော့ တတ်နိုင်တဲ့သူတွေက မီးစက်တွေဝယ်ကြတယ်။ ကျနော်တို့လို လူတန်းစားတွေကတော့ နေအိမ်အပြိုအပျက်ကြားမှာ ဆိုလာလေးတောင် မဝယ်နိုင်ပါဘူး။ ရှိတဲ့ဟာလေးနဲ့ အဆင်ပြေသလို နေရတာပါပဲ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်ပြီးနောက် လေဘေး၊ ရေဘေးသင့် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေအတွက် အရပ်ဘက်အဖွဲ့အစည်းတွေက အဓိက ဦးဆောင်လုပ်ကိုင်နေပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကတော့ နှေးကွေးနေဆဲဖြစ်တယ်လို့ လေဘေး၊ ရေဘေးသင့် ဒုက္ခသည်တွေကနေတဆင့် သိရပါတယ်။