DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေ မူးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၂၀၀၀ ခန့်ရှိလာ 
DVB
·
May 23, 2023
ကေအန်ယူနယ်မြေ မူးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၂၀၀၀ ခန့်ရှိလာ 
Donate to DVB

စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မေလ အတွင်း မူးမြို့နယ်ကျေးရွာ ၁၈ ရွာမှာ စစ်ဘေးရှောင်ပြည်သူအယောက် ၂၂,၀၀၀ နီးပါးအထိ ရှိလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခလရ-၆၀ တပ်ရင်းမှူးနဲ့ ဗျူဟာမှူးဟိန်းထက်အောင် ဦးဆောင်ပြီး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်၊ နောင်ကုန်း ကျေးရွာထဲကို ပြီးခဲ့တဲ့ မေ ၂၁ တရက်တည်းမှာတင် ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ်တွေနဲ့ ကျေးရွာစာသင်ကျောင်း ပျက်စီးခဲ့ရပြီး ရွာလုံးကျွတ် အ သက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မူးမြို့နယ်ထဲမှာတော့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျေးရွာပြည်သူ လူထုကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ မေ ၁၀ ရက်က စတင်ကာ ညောင်ပင်သာ၊ နောင်ချို၊ ဒိုက်ပုံ၊ မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ မြောင်းဦး၊ ရေအိုးစည်၊ ကော့ပြင်း၊ ကျောက်ကန်၊ နောင်ကုန်း၊ တောင်စု၊ စဝေ၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်းနဲ့ တပ်ကုန်းစတဲ့ ကျေးရွာပေါင်း ၁၈ ရွာက ကျေးရွာပြည်သူစုစုပေါင်း ၂၁၈၈၀ ယောက်အထိ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကတည်းက အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေ ထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေနဲ့ ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူတွေ ကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျန်ရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ တောမီးလောင်တာတွေကြောင့် ရွာလုံးကျွတ် ပြာကျခဲ့ရတဲ့ ကျေးရွာတွေလည်းရှိနေတယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးချိန်ကတည်းကနေ အခုအချိန်အထိ အပြီးအပိုင်နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေလည်း အမြောက်အမြားရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကေအန်ယူနယ်မြေထဲမှာတော့ အခု ၂၀၂၃ ခုနှစ်၊ ပထမ ၄ လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) တို့ကြား တိုက်ပွဲအကြိမ်ရေ ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထား ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း သေဆုံးခဲ့သူတွေထဲ စစ်ကောင်စီတပ်ရင်းမှူး ၄ ယောက်၊ ဒုတပ်ရင်းမှူး ၅ ယောက်ထိ ပါဝင်နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၅၉ ယောက် ကျဆုံးခဲ့ကာ ၁၉၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကေအန်ယူနယ်မြေထဲမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ပြီးချိန်ကတည်းက လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြား စောင့်တပ်တွေဟာ စစ်ရေး လှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူ ၄ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013