
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ အမျိုးသမီးတယောက် အပါအဝင် စစ်ရှောင် ၃ ယောက်ကို ရေကြည်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အခုနှစ် ဇန်ဝါရီ ပထမအပတ်ထဲမှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ အသက် ၃၀ ကျော်အရွယ် မအိဖြိုးနဲ့ အမျိုးသား ၂ ယောက်ကို မေ ၂၆ ရက်မှာ စစ်အာဏာရှင် လက်အောက်ခံ ရေကြည်မြို့နယ် တရားရုံးက တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ရေကြည်မြို့နယ်တရားရုံးနဲ့ နီးစပ်သူတယောက်က “အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ် ဆိုပြီး ဖမ်းခံခဲ့ရတဲ့သူတွေပါ။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမိန့်ချခံရတာ” လို့ ပြောပါတယ်။
အဖမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ဘေးရှောင်တွေဟာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေ ထွက်ပြေးလာတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ထွက်ပြေးလာတဲ့ စစ်ရှောင်တွေနဲ့ စစ်အာဏာရှင်တပ်တို့ လမ်းမှာ ထိပ်တိုက်တွေ့ကာ အဖမ်းခံရပြီးနောက် အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့ဆိုကာ တရားရုံးတင်ပို့ခံရပြီး ၅ လ ဝန်းကျင်အကြာမှာ အခုလို ထောင်ဒဏ်ချမှတ်ခံရတာလို့ သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ရှောင် ၃ ယောက်ဟာ ဘယ်အသင်းအဖွဲ့အစည်းနဲ့မှ ပတ်သက်တာမရှိဘူးလို့ ရေကြည်မြို့နယ် စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေက ဆိုပါတယ်။










