DVB Logo
Home
မြန်မာသတင်း
တရုတ်ဘက်ပို့မည့် သရက်သီးများ စုပြုံနေသဖြင့် တင်ပို့မှု ခေတ္တရပ်နားထားရန် သတိပေး
DVB
·
May 22, 2023
တရုတ်ဘက်ပို့မည့် သရက်သီးများ စုပြုံနေသဖြင့် တင်ပို့မှု ခေတ္တရပ်နားထားရန် သတိပေး
Donate to DVB

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်က မူဆယ်-ဝမ်တိန် ရောင်းကွင်းမှာ တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချမယ့် သရက်သီးတွေ စုပြုံနေပြီး ရောင်းအားကျဆင်းနေတာကြောင့် ကုန်သည်တွေနဲ့ သရက်စိုက် တောင်သူတွေ ဆုံးရှုံးမှုနည်းအောင် သရက်သီး ခူးဆွတ်တင်ပို့မှုတွေကို ခေတ္တရပ်နားထားဖို့ မူဆယ်အခြေစိုက် သစ်သီးဝလံပွဲရုံတွေက သတိပေးထားပါတယ်။

မူဆယ်အခြေစိုက် သစ်သီးပွဲရုံလုပ်ငန်းရှင်တဦးက “ဝမ်တိန်ရောင်းကွင်းထဲ ရောင်းဖို့ သရက်သီးတွေ စုပုံနေပြီး ရောင်းအားကျနေလို့ ခဏပိတ်ခိုင်းတာပါ။ ရပ်ထားခိုင်းတဲ့သဘောပါ၊ အသီးမတင်ပါနဲ့ဦးလို့ အကြောင်းကြားတာပါ” လို့ ပြောပါတယ်။

ကြာရှည်အထားမခံတဲ့ သစ်သီးပို့ကုန်တွေဖြစ်တာကြောင့် အချိန်ကြန့်ကြာပြီး အရည်အသွေး ကျဆင်းလာပါက စျေးရရှိမှု နည်းနိုင်တဲ့အပြင် ဆုံးရှုံးမှုနဲ့လည်း ရင်ဆိုင်ရနိုင်တာကြောင့် သရက်သီးတင်ပို့မှုတွေကို ခေတ္တရပ်နားထားဖို့ သတိပေးတာလို့ ကုန်သည်တွေက ဆိုပါတယ်။

အခုလ ပထမသီတင်းပတ်က တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးစနစ်သစ်ကြောင့် မြန်မာဘက်က တင်ပို့တဲ့ သရက်သီးကားတွေ ရောင်းကွင်းမရောက်မီ တရုတ်ဘက် အကောက်ခွန် စစ်ဆေးရေးကွင်းမှာ ရက်အတန်ကြာ ပိတ်မိနေခဲ့ပါတယ်။ လက်ရှိမှာ လမ်းပိုင်းပြန်ပွင့်လာပြီ ဖြစ်တာကြောင့် စျေးကွက်ထဲကို အသီးအဝင်များပြီး ဈေးကျဆင်းနေတယ်လို့ မူဆယ်အခြေစိုက် သစ်သီးပွဲရုံတွေထံက သိရပါတယ်။

“လမ်းကြောင်းပွင့်တော့ အဝင်များပြီး စျေးကျတယ်။ ရောင်းလိုအား များနေချိန် ဖြစ်လို့ပါ” လို့ သစ်သီးဝလံ ကုန်သည်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်တွင်းမှာ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ရွှေတောင်၊ ပတ္တမြားငမောက်၊ နန်းတော်မှိုင်း၊ အာရ်တူး၊ စိမ်းချို စတဲ့ သရက်သီးအမျိုးအစားတွေကို စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေတာဖြစ်ပြီး အခုနှစ်မှာ ပြည်တွင်းသရက်သီး အထွက်နှုန်း လျော့ကျနိုင်တာကြောင့် စျေးကောင်းရရှိမယ့်နှစ်လို့ စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ ကုန်သည်တွေက ခန့်မှန်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ မိုခါမုန်တိုင်းရဲ့ နောက်ဆက်တွဲ လေဒဏ်၊ မိုးဒဏ်ကြောင့်လည်း အသီးကြွေကျ ပျက်စီးမှုတွေလည်း ရှိခဲ့တာဖြစ်လို့ အခုနှစ်ကို သရက်သီး ပြည်ပတင်ပို့မှု လျော့နည်းနိုင်တယ်လို့လည်း အဲဒီအသိုက်အဝန်းက ခန့်မှန်းထားပါတယ်။

သရက်သီးကို နှစ်စဉ် ဧပြီလနှောင်းပိုင်းမှာ စတင် တင်ပို့ရောင်းချလေ့ရှိပြီး တရုတ်နိုင်ငံကို နယ်စပ်ကနေ အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ ဒူဘိုင်း၊ ဟောင်ကောင်နဲ့ စင်ကာပူနိုင်ငံတို့ကလည်း ဝယ်ယူလေ့ရှိပြီး တနှစ်ကို တန်ချိန် ၄၀,၀၀၀ ကနေ ၅၀,၀၀၀ ကြား တင်ပို့နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013