DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုက ၃ ရက်တွင် ၁ ရက်နှုန်း လေကြောင်းတိုက်ခိုက်၊ ကန့်ဘလူ၌ အရပ်သားသေဆုံးမှု အများဆုံးဖြစ်
DVB
·
May 22, 2023
စစ်အုပ်စုက ၃ ရက်တွင် ၁ ရက်နှုန်း လေကြောင်းတိုက်ခိုက်၊ ကန့်ဘလူ၌ အရပ်သားသေဆုံးမှု အများဆုံးဖြစ်
Donate to DVB

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ၃ ရက်မှာ ၁ ရက်နှုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေပြီး အဆိုပါတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ သေဆုံးမှုနှုန်းမှာတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က အများဆုံးဖြစ်တယ်လို့ သုတေသနအဖွဲ့တခုက ထုတ်ပြန်ပါတယ်။

အမှီအခိုကင်းပြီး ဘယ်အဖွဲ့အစည်းအောက်မှာမှ ရပ်တည်ခြင်းမရှိတဲ့ အစိုးရမဟုတ်တဲ့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး စစ်အုပ်စုဟာ လေကြောင်းအသုံးပြုမှု စုစုပေါင်း ၁,၄၂၇ ကြိမ်ထိရှိခဲ့ကာ ကရင်၊ စစ်ကိုင်းနဲ့ ကရင်နီဒေသတွေကို အများဆုံးတိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်တဲ့ အရေအတွက်ဟာ တရှိန်ထိုး မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အခု ၂၀၂၃ ခုနှစ် ပထမ ၄ လအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၅၀ ကျော် ကျူးလွန်ခဲ့ကြပြီးဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ၁၅၃ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာတော့ အကြိမ်ရေ ၈၂၀ နဲ့ အများဆုံး ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အရေအတွက်ကို ကြည့်ရင်တော့ ၂ နှစ်ကျော်အတွင်း ကရင်ပြည်နယ်ကို ၃၂၂ ကြိမ်နဲ့ အများဆုံး ကျူးလွန်ခဲ့ကြပြီးတော့ စစ်ကိုင်းတိုင်းကို ၂၉၅ ကြိမ်၊ ကရင်နီပြည်နယ်ကို ၁၈၄ ကြိမ်၊ ကချင်ပြည်နယ်ကို ၁၅၆ ကြိမ်၊ ရှမ်းပြည်နယ်ကို ၁၅၃ ကြိမ်နဲ့ ချင်းပြည်နယ်ကို ၁၄၃ ကြိမ်အထိ အစဉ်လိုက် အများဆုံး တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သေဆုံးမှုအရေအတွက်မှာတော့ ကန့်ဘလူမြို့နယ်က ၁၈၈ ယောက်နဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ ဖားကန့်မြို့နယ်က ၆၆ ယောက်၊ ယင်းမာပင်မြို့နယ်က ၃၉ ယောက်စီ အသီးသီးနဲ့ အများဆုံး ဖြစ်နေခဲ့တာပါ။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်း ရန်သူ့အင်အား ၃၀,၀၀၀ လောက် ထိခိုက် သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013