Home
မြန်မာသတင်း
စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ရဲစခန်း တိုက်ခိုက်ခံရ၊ ကနီမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုး 
DVB
·
May 22, 2023

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့က စစ်ကောင်စီရဲစခန်းကို မေ ၂၁ ရက် ညနေ  ၆ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဆားတောင်မြို့မရဲစခန်းဟာ ဆားတောင်မြို့အလယ်၊ ရွှေဘို-မန္တလေး ကားလမ်းဘေးမှာ တည်ရှိတယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ မြင်းခြံခရိုင်တပ်ရင်း ၇ ရဲ့ တပ်ရင်းမှူး ကိုသက်ကြီးက “အခုတိုက်ပွဲက မီတာ ၁၀၀ လောက်ဝေးတဲ့ တိုက်ပွဲဗျ။ တံတားဦးဘက်ကနေ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပစ်ခတ်လို့ ဆုတ်ခဲ့ရတယ်။ လေယာဉ်မလာခင်ကတော့ ကျနော်တို့ ၄၀ မမ အလုံး ၁၀ လုံးထက်မနည်း ရဲစခန်းထဲ ပစ်ထည့်တိုက်ခိုက်သလို လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်နိုင်ခဲ့တယ်။ သူတို့ဘက်က ဘန်ကာတွေ၊ ရဲစခန်းအဆောက်ဦတွေလည်း ပျက်စီးတယ်။ အရာရှိတဦး အပါအဝင် ၁၂ ဦး သေတယ်လို့ ရဲစခန်းက ကျနော်တို့ဖရဲသီးက သတင်းပေးပြောလို့ သိထားရတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရရှိနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း)၊ မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပြောက်ကျားတပ်ဖွဲ့) နဲ့ ဆားတောင်မိုးကြိုး၊ မြင်းခြံခရိုင်တပ်ရင်း-၄ နဲ့ မြေပြင်မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ ဆားတောင်ရဲစခန်းကို ပြီးခဲ့တဲ့ မေ ၅ ရက် မွန်းတည့် ၁၂ နာရီလောက်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မေလ ၁၈ ရက်က  ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ဖြတ်တောက်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လယ်ရှည်ရွာမှာ ၃ ရက်တပ်စွဲထားပြီး မေလ ၁၈ ရက်နေ့မှာ စတင်ကာစစ်ကြောင်းထိုးလာတာဖြစ်တာလို့ ဒေသခံစစ်ဘေးရှောင်တွေထံက ကနေသိရပါတယ်။

မင်းမဒေသခံရွာသားတဦးက “မေ ၁၂ ရက်က ဘန့်ဘွေးပျူရွာကနေ ထန်ဇင်ရွာဘက်ကိုတက်လာပြီး ကျနော်တို့ ကနီမြို့နယ်၊ လယ်ရှည်ရွာ၊ တွင်း‌ကျေးရွာတွေကနေ  ညအိပ်တပ်စွဲခဲ့တယ်။ မေ ၁၃ ရက်နေ့ ကျတော့ မင်းမရွာဘက် ထွက်သွားပြီး နေ့ခင်းပိုင်းမှာ မင်းမဘုန်းကြီးကျောင်းမှာ ထပ်တပ်စွဲတယ်။ မေလ ၁၄၊ ၁၅ ရက် နေ့ကြတော့ ဒေသခံပြည်သူကာကွယ်ရေးတွေနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်တယ်။ အခုတစ်ခါထပ်ပြီး စစ်ကြောင်းထိုးတာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကနီမြို့နယ် လယ်ရှည်ရွာကို မေလ ၁၆ ရက်က ဝင်ရောက်ခဲ့ကာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၁၄ နှစ် အရွယ်မိန်းခလေးတစ်ဦး သေဆုံးခဲ့ရပြီးဒေသခံ ၁၀ ဦးလောက် ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်လို့မေလ ၁၆ ရက်နေ့ကသေဆုံးခဲ့ရတဲ့ အလောင်းကိုတော့ စစ်ကောင်စီတပ်တွေဒီနေ့ထွက်ခွာသားချိန်မှာ သင်္ဂြိုဟ်နိုင်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

“စစ်ကြောင်းထွက်ကတည်း ဖုန်းလိုင်းတွေ အကုန်လိုပျက်သွာတယ်။ အဲလိုဖြတ်လိုက်တော့ဗျာ၊ ကျနော်တို့ တစ်ဦးနဲ့တစ်ဦးအချိတ်ဆက်လုပ်ဖို့ရာဘယ်လို့မှ အဆင်မပြေဘူး။ သူတို့လာပြီဆိုတာနဲ့ ကောလာဟလသတင်းတွေကလည်း ထွက်နေတော့ ဘယ်ပြေးလို့ပြရမှန်းကို မသိတော့ဘူး။ ကလေးငယ်တွေရော၊ အဘိုး၊ အဘွားတွေရောဆိုတော့ပိုဆိုးတာပေါ့ဗျ။ အခုလည်း စစ်ကြောင်း ကြောင်းကို ခွဲပြီးထိုးနေတယ်လို့ PDFအဖွဲ့တွေ ပြောနေတဲ့အသံကြားရတယ်။ တစ်ဖွဲ့ကချောင်းမ အရှေ့ရွာကနေ မှန်တောင်‌တောရကျောင်းဘက်ကိုထိုးတယ်။ တစ်ကြောင်းက ချောင်းမရွာကနေ သင့်ဝင်ရွာကိုဖြတ်ပြီး မင်းမရွာဘက်ကို ထိုးနေတယ်။

နောက်ဆုံးတစ်ကြောင်းက ယက္ကန်းတိုင်ရွာကနေ မင်းမရွာဘက်ကိုထိုးတယ်လို့သိထားရတယ်လို့ သင့်ဝင်ရွာသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မေလ ၁၄ ရက် ၁၅ ရက်တွေက PDFနဲ့ မင်းမရွာတိုက်ပွဲမှာ အထိနာခဲ့တာကြောင့် အခုလို ဒုတိယအကြိမ် စစ်ကြောင်းထိုးလာတာဖြစ်နိုင်ပြီး တွေ့တဲ့ ဒေသခံတွေကို စစ်ကောင်စီကဖမ်းစီးသတ်ဖြတ်မှာကို ‌ဒေသခံတွေ ကြောက်ရွံ့နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024