DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်တွင် ပျူစောထီး ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်
DVB
·
May 22, 2023
ယင်းမာပင်မြို့နယ်တွင် ပျူစောထီး ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ ပျူစခန်းကနေ မေ ၂၀ ရက် ညနေပိုင်းက ပျူစောထီးတဦး လက်နက်နဲ့အတူ အလင်းဝင်လာတဲ့အတွက် ဆု‌ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ပြီး သူ့ရဲ့မိသားစုကိုပါ PDF အဖွဲ့က ကယ်ထုတ်ပေးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အခုလို အမြင်မှန်ရပြီး ပြည်သူဘက်ကို ပူးပေါင်းအလင်းဝင်လာတဲ့ ပျူစောထီးအဖွဲ့ဝင်က “ကျနော့်အမည်က ခိုင်မင်းစိုးပါဗျ။ အသက်က ၁၈ နှစ်ပါ။ အခုလို ပြည်သူ့ကာကွယ်ရေးဘက်ကို လက်နက်နဲ့အတူ အလင်းဝင်ရတာကတော့ ကျနော်ကိုယ်တိုင် ပျူမလုပ်ချင်တော့လို့ ပြည်သူဘက်ကို ပူးပေါင်းရတာပါဗျ။ ပျူလုပ်ခဲ့တုန်းက အမှတ်တရတွေ ရှိလားဆိုတော့ ရှိတယ်လို့ ပြောရမယ်။ ဘာတွေလဲဆိုတော့ ကျနော်တို့ကို သူတို့ထားရာနေ၊ စေရာသွားပဲ။ ဘယ်လောက်ထိ ချုပ်ကိုင်လဲဆိုတော့ ဘန့်ဘွေးရွာရဲ့ ရွာအရှေ့ထိပ်ကနေ၊ ရွာအနောက်ထိပ်အထိ သူတို့ခွင့်ပြုချက်မရရင် ဘယ်မှမသွားရဘူး။ အဓိက သူတို့ကန့်သတ်နယ်မြေလို့ သတ်မှတ်ထားတဲ့နေရာဆိုရင် မျက်စိနဲ့တောင် မကြည့်ရဘူး။ နောက်ပြီး ရိက္ခာလည်း အပြည့်ဝမရဘူး။ မိသားစုနဲ့လည်း အတွေ့မခံဘူး။ စစ်ကောင်စီ စစ်ကြောင်းလာတယ်ဆိုရင် ကျနော်တို့ကို စစ်ကြောင်းရှေ့ကသွားပြီး လမ်းပြပို့ပေးရတယ်။ PDF နဲ့ ကျနော်တို့ကို သွေးခွဲတာတွေ ရှိလားဆိုတော့ မရှိပဲနေပါ့မလားဗျာ။ PDF ဘက်သွားရင် အသတ်ခံရမယ်ဆိုတဲ့ သွေးခွဲတာတွေရှိတယ်။ အခု ကျနော် PDF ဘက် အလင်းဝင်တော့ သူတို့ပြောတာနဲ့ တခြားစီပဲ။ ကောင်းကောင်းမွန်မွန် ကြိုဆိုတယ်။ သိန်း ၁၀၀ လည်း ဆုချီးမြှင့်ပေးတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးဘက်က အလင်းဝင်လာတဲ့ ပျူစောထီး တဦးတယောက်တင်မက ပျူစောထီးရဲ့ မိသားစုဝင်တွေပါ ကယ်ထုတ်ပေးကာ လွတ်မြောက်နယ်‌မြေကို ပို့ဆောင် ကူညီပေးထားရတယ်လို့လည်း ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယင်းမာပင်မြို့နယ် ဗျတ္တညီနောင်အဖွဲ့ခေါင်းဆောင် ကိုဗျတ္တက “အလင်းဝင်တာက မေ ၂၀ ရက်နေ့ အလင်းဝင်လာတာ။ လက်နက်တလက်ရယ်၊ ကျည်ဘောက် ၃ ခုရယ်၊ ကျည်အတောင့် ၉၀ ရယ်ပါတယ်ဗျ။ အခုလို ပျူတဦး အလင်းဝင်လာတဲ့အပေါ် အသိစိတ်အမှန်နဲ့ ပြည်သူဘက် ရပ်တည်လာတာတော့ ဝမ်းသာစွာနဲ့ ကြိုဆိုပါတယ်။ နောက်ပြီး ကျနော်တို့ ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ရန်ပုံငွေ ရှားပါးတဲ့ကြားကနေ လက်နက်နဲ့အတူ အလင်းဝင်လာသူတွေကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ချင်လို့ မရှိတဲ့ကြားကနေ သိန်း ၁၀၀ ရအောင်ရှာပြီး ဒီကလေးကို ဆုချီးမြှင့်ပေးခဲ့ရတာပါ။ နောက်ထပ် အလင်းဝင်လာမယ့်သူ ရှိရင်လည်း ဒီကလေးနည်းတူ ဆုချီးမြှင့်တာတွေ လုပ်ပေးသွားမှာပါဗျ။ အလင်းဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်” လို့ ပြောပါတယ်။

ပျူတဦး အလင်းဝင်ရောက်လာတာကို ဗိုလ်ထွန်းတောက်အဖွဲ့နဲ့ ဗျတ္တညီနောင်အဖွဲ့တို့ ပူးပေါင်းလက်ခံ ကြိုဆို ဆုချီးမြှင့်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013