ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ချန်မြို့ မယ်ရိုင်ကျေးရွာအုပ်စု ဘန်းစန်ခေါင်ကျေးရွာအနီးမှာ ထိုင်းအာဏာပိုင်တွေက ကားတစီးကို စစ်ဆေးရာကနေ စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesaipress သတင်းဌာနက မေ ၂ဝ ရက်မှာ ဖော်ပြထားပါတယ်။
မေ ၁၉ ရက် ည ၉ နာရီလောက်က ဘန်းစန်ခေါင်ကျေးရွာအပိုင် ဖလိုယိုသင်းလမ်းမကြီးပေါ်မှာ ထိုင်းအာဏာပိုင်တွေ နယ်စပ်လုံခြုံရေး ဆောင်ရွက်နေစဥ် ကားတစီးကို တားဆီးစစ်ဆေးခဲ့ရာကနေ တောင်ပေါ်သား ၁၀ နှစ်ခံကတ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်ကို တွေ့ရှိခဲ့ပြီး စစ်ဆေးရာကနေ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅ဝဝ,၀၀၀ ကို ဖမ်းဆီးရမိခဲ့တာပါ။
အဆိုပါ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးရာ အသက် ၂၁ နှစ်အရွယ် အတူဘ်ချီကူနဲ့ အသက် ၃၁ နှစ်အရွယ် အဂီရိုမိုပိုကူတို့ ဖြစ်ကာ အခါလူမျိုးဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ကားပေါ်မှာ ဆာလာအိတ်နဲ့ လျှို့ဝှက်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး ၅ဝဝ,ဝဝဝ ကို ပို့ဆောင်ပေးဖို့ ဘတ် ၁၅,ဝဝဝ ရရှိတဲ့အတွက် သယ်ယူပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်သူက ခိုင်းစေတာလဲ ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
အဆိုပါ ဖမ်းဆီးခံရတဲ့ အခါတိုင်းရင်းသားနှစ်ဦးကို ဥပဒေအရ အရေးယူနိုင်ဖို့ မယ်ဆိုင်ရဲစခန်းမှာ ပို့ဆောင်ထားပြီး ထိုင်း-မြန်မာနယ်စပ်အတွင်း မေလထဲမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို မကြာခဏ ဖမ်းဆီးရမိနေတဲ့အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကိုင်တွယ်နေရတယ်လို့ သိရပါတယ်။
source - maesaipress