DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့်
DVB
·
May 22, 2023
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့်
1 / 7
Donate to DVB

နွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂၀၂၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဒေသစံတော်ချိန် မေလ ၂၁ ရက်ညနေက အခမ်းအနားနဲ့ ပေးအပ် ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။

၁၄ ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ရွေးချယ်ပေးအပ်ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့က မေလ ၇ ရက်နေ့မှာ ကြေညာခဲ့ပြီး ဒီနေ့မှာ အခမ်းအနားနဲ့ ဂုဏ်ပြုပေးအပ်ရာမှာ သံအမတ်ကြီးကိုယ်တိုင် တက်ရောက်ဆုလက်ခံယူခဲ့ပါတယ်။

အခုလိုမျိုး ပြည်သူ့ဂုဏ်ရည်ဆုပေးတာကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ပြည်သူတွေရဲ့ လုပ်ဆောင်ချက်  ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတာ ချီးကျူးတာလို့ မှတ်ယူတဲ့အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

“ကျနော့် အနေနဲ့ ဒီဆုက ကျနော့်ကိုပေးတယ်လို့ အမည်တပ်တယ်။ ကျနော်ခံယူတာက ကျနော်တို့ တော်လှန်ရေးလုပ်နေတဲ့ ပြည်သူတွေ အထူးသဖြင့် CDM တွေ၊ ကျနော်တို့ မြို့ပေါ်တွေ ကျေးလက်ဒေသတွေမှာမက လွတ်မြောက်နယ်မြေတွေအဆုံး ပုံစံအမျိုးမျိုးနဲ့ ကျနော်တို့ ဒီတော်လှန်ရေး ဒီအကြမ်းဖက်စစ်တပ်၊ စစ်အာဏာရှင်စနစ်ကျဆုံးဖို့အတွက် ကျနော်တို့ ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက်၊ ကျနော်တို့ ဖယ်ဒရယ်ဒီမိုကရေစီ တည်ထောင်နိုင်ဖို့အတွက် ကဏ္ဍအသီးသီးကနေပြီး ဆောင်ရွက်နေတဲ့ ပြည်ပမှာရှိတဲ့လူတွေလည်း အပါအဝင် အဲဒီလူတွေအတွက်ပေးတယ်လို့ ကျနော်ခံယူပါတယ် ဒါကြောင့် ဒီဆုဟာ ပြည်သူတွေကို ပေးတဲ့ဆုပါ၊ အရမ်းကိုကျေးဇူးတင်ပါတယ်။”

ဦးကျော်မိုးထွန်းဟာ စစ်ကောင်စီ ယန္တရားမလည်ပတ်နိုင်အောင်ဆောင်ရွက်တဲ့ အကြမ်းမ ဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ကာ ပြည်သူတွေဘက်က ရပ်တည်ခဲ့သူဖြစ်ပါတယ်။

လက်ရှိ အချိန်အထိလည်း စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် တစိုက်မတ်မတ် ပြည်သူ့ဘက်ကရပ် တည်ကြိုးစားနေသူဖြစ်ပါတယ်။

ဒီအချက်အလက်တွေနဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ထိုက်တန်သူဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

"ဦးကျော်မိုးထွန်းရဲ့ တုန်နေတဲ့အသံတွေနဲ့ လက်သုံးချောင်းထောင်လိုက်တဲ့အချိန်မှာ၊ ကျနော်လည်း တော်တော်ခံစားသွားရတယ်။ ကျနော်ထင်တယ် အားလုံးလည်းခံစားရလိမ့်မယ်လို့ ထင်တယ်။ တော်လှန်ရေးမှာ မျက်ရည်ကျရတဲ့နေ့တနေ့က အဲဒီနေ့ဖြစ်ပါတယ်။ ဝမ်းသာလွန်းလို့ မျက်ရည်ကျရတဲ့ နေ့တနေ့ဖြစ်ပါတယ်၊ ဦးကျော်မိုးထွန်းကို ကျနော် အရမ်းကို ဂုဏ်လည်းယူပါတယ်။ ကျနော်ထင်ပါတယ်။ ကျနော်တို့ တနိုင်ငံလုံး၊ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေအားလုံး၊ အားကျရတဲ့ ဂုဏ်ယူရတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီဟာတင်ကမှာမဟုတ်ဘူး ကမ္ဘာ့ရာဇဝင်မှာ ဒီလိုလူမျိုးရှိလိမ့်မယ်လို့ ကျနော်မထင်ဘူး၊ ကုလသမဂ္ဂရဲ့ ရာဇဝင်မှာရော ရှိရဲ့လားလို့မေးချင်တယ်။ ဒါကြောင့်ကျနော်ထင်ပါတယ်၊ ကမ္ဘာ့သမိုင်းမှာ တင်မယ့် တွင်မယ့် လူတစ်ယောက်ပါ။”

ပြည်သူ့ဂုဏ်ရည်ဆုအဖြစ် ချီးမြှင့်တဲ့ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက  CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့ပေးဖို့အတွက်  NUG အစိုးရကနေတဆင့် ပြန်လည်လှူဒါန်းသွားပါတယ်။

အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့ဟာ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်နေတာဖြစ်ပြီး အများအကျိုးဆောင်တဲ့ မြန်မာနိုင်ငံသားတွေကို ၂၀၁၀ ပြည့်နှစ်ကစပြီး နှစ်စဉ်ဆုတွေချီးမြှင့်နေတာပါ။ 

မြန်မာနိုင်ငံအတွင်း ပရဟိတလူမှုကူညီရေးဆောင်ရွက်နေသူတွေ၊ ကောင်းမွန်တဲ့လူ့ဘောင်ဖြစ်ဖို့ ကြိုးစားနေသူတွေနဲ့ အများပြည်သူစံထားထိုက်တဲ့လူပုဂ္ဂိုလ်တွေကို  ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုတွေကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ 

ပထမဆုံးအကြိမ် ၂၀၁၀ ပြည့်နှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ဦးဆောင်တည်ထောင်ခဲ့တဲ့ ဦးကျော်သူက ရရှိခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013