DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်ခန့်ထားရန် အမေရိကန် လွှတ်တော်အမတ်များ တောင်းဆို
DVB
·
October 17, 2026
Photo: Permanent Mission of Myanmar to the United Nations
Photo: Permanent Mission of Myanmar to the United Nations
Donate to DVB

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထောက်ခံဖို့နဲ့ စစ်အာဏာရှင်ဘက်က နေရာယူဖို့ကြိုးစားတာကို ကန့်ကွက်ဖို့ အမေရိကန်အောက်လွှတ်တော်က နိုင်ငံခြားရေးရာကော်မတီ ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် လွှတ်တော်အမတ်တွေက တောင်းဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ် ဝေါ့ဇ်ဆီကို လွှတ်တော်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မိဿဟာယအဖွဲ့ပူးတွဲ ဥက္ကဋ္ဌတွေ၊ အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီ ထိပ်တန်းခေါင်းဆောင်တွေအပါအဝင် လွှတ်တော်အမတ် ၆ ယောက်က အောက်တိုဘာ ၁၄ ရက်စွဲနဲ့ ပေးပို့တောင်းဆိုထားတာပါ။

မြန်မာ စစ်အာဏာရှင်ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို တရားဝင်စေဖို့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့နေရာမှာ သူတို့ရဲ့ ကိုယ်စားလှယ်နဲ့ အစားထိုးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထား စိစစ်ရေး ကော်မတီ ရှေ့မှောက်မရောက်ခင် စာနဲ့ရေးသားပေးပို့တာလို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းသံအမတ်ကြီးကို ဆက်လက်ထောက်ခံသွားဖို့၊ စစ်အာဏာရှင်က ခန့်တဲ့သူကို အထောက်အထားစိစစ်အတည်ပြုဖို့ ဒါမှမဟုတ် နေရာပေးဖို့ ကြိုးပမ်းမှုမှန်သမျှကို ကန့်ကွက် သွားဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန်အနေနဲ့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု မတိုင်မီကပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတို့အပေါ် ရေရှည် ထောက်ခံ အားပေး ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ကာလအတွင်း ကုလသမဂ္ဂ အထောက်အထားစိစစ်ရေးကော်မတီက ကိုယ်စားလှယ်ကိစ္စကို ဆိုင်းငံ့ခဲ့တာကြောင့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုဟာ မပြောင်းလဲဘဲရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဆိုင်းငံ့ထားတာကို ပြောင်းလဲလိုက်တာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို အမှန်တကယ်ထိခိုက်အန္တရာယ်ဖြစ်စေမယ်လို့ သတိပေးထားပါတယ်။

မြန်မာ စစ်အာဏာရှင်ကို ကုလသမဂ္ဂမှာ မဲပေးခွင့်၊ ပါဝင်ခွင့်ပြုရင် အီရန်နဲ့ တရုတ်လို အမေရိကန်ရဲ့ ပြိုင်ဘက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ပေးသလိုဖြစ်ပြီး နိုင်ငံတကာကို သတင်းစကားအမှားတွေ ပေးပို့ရာရောက်မယ်လို့ ဆိုပါတယ်။

မြန်မာစစ်အာဏာရှင်ဟာ သံတမန်ရေးအရကာကွယ်မှု၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးအရ ထောက်ပံ့မှုနဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကဗုံးကြဲတိုက်ခိုက်ဖို့ လောင်စာဆီအတွက် အဓိကမဟာမိတ်ဖြစ်တဲ့ အဲဒီနိုင်ငံတွေကို အားကိုးနေရတာလို့ ထောက်ပြ ထားပါတယ်။

မကြာခင်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာလည်း လက်နက်ကိုင်ပဋိပက္ခတွေ၊ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာထွက်ပြေးရတာနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးချုပ်နှောင် ထားတာ၊ အဓိက ဒီမိုကရက်တစ်ပါတီတွေကို ပယ်ထုတ်ထားတဲ့ကြားက ပေါ်လာတာဖြစ်ပြီး အဲဒီအတုအယောင်ရွေးကောက်ပွဲဟာ အဓမ္မဖိအားပေးတာ၊ အကြမ်းဖက်မှုနဲ့ အရေးပေါ် အမိန့် တွေကတဆင့် ဆက်လက်အုပ်ချုပ်နေတဲ့ စစ်အုပ်ချုပ်ရေးရဲ့ ပင်ကိုယ်သဘာဝကို ပြောင်းလဲ ပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ထိန်းချုပ်မှုကို အရပ်ဘက်အုပ်ချုပ်ရေးအဖြစ် အမည်ပြောင်းလိုက်တာဟာလည်း ဒီမိုကရေစီနည်းကျ တရားဝင်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ ပြည်သူ့သဘောထားဆန္ဒ မပါတာကို ကုစားပေးနိုင်မှာမဟုတ်သလို ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားပြုမှုမှာဘယ်လို ပြောင်းလဲမှုမဆို မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်မှာမဟုတ်ဘူးလို့ လည်း ဆိုပါတယ်။

စစ်အာဏာရှင်ကို အသိအမှတ်ပြုလိုက်ရင် အာဏာသိမ်းတာ၊ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တာ စတာတွေ လုပ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ဆုချလိုက်သလိုဖြစ်သွားလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီအချိန်ဟာ အမေရိကန်အနေနဲ့ အရေးယူဆောင်ရွက်ဖို့ သင့်တော်တဲ့အချိန်ဖြစ်ပြီး ကုလသမဂ္ဂရဲ့ ဦးဆောင်အဖွဲ့ဝင် နိုင်ငံတနိုင်ငံအဖြစ်၊ အထောက်အထားစိစစ်ရေးကော်မတီရဲ့ ပုံမှန် အဖွဲ့ဝင်တယောက်အဖြစ်၊ ကော်မတီဝင်အချင်းချင်း၊ အထွေထွေညီလာခံ ဥက္ကဋ္ဌရုံး၊ သဘောထားတူ အဖွဲ့ဝင်နိုင်ငံတွေနဲ့ စောစောစီးစီး တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ကိုယ်စားလှယ် အထောက်အထားတွေကို ဆက်လက်ဆိုင်းငံ့ထားဖို့အတွက် စည်းရုံးထားဖို့ တိုက်တွန်းထား ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013