Home
မြန်မာသတင်း
မုန်တိုင်းအလွန် စစ်တွေမြို့၌ လျှပ်စစ်မီးမရသဖြင့် ဖုန်းတစ်လုံး ကျပ် ၁၀၀၀ ဖြင့် အားဖြည့်နေရ
DVB
·
May 21, 2023
347641032_231879592801693_6255064345455256938_n

ရခိုင်ပြည်နယ်ကို ဗဟိုပြု​တိုက်ခတ်သွားတဲ့ အင်းအားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့မှာ လျှပ်စစ်မီးတွေပြတ်နေပြီး  ဖုန်းတစ်လုံးကို ကျပ် ၁၀၀၀ ပေးပြီး  ဘက်ထရီ အားသွင်းနေကြရကြောင်း စစ်တွေဒေသခံတွေထံက သိရပါတယ်။

စစ်တွေဒေသခံတဦးက "လျှပ်စစ်မီးမရတော့ ဖုန်းအားက မရှိဘူးလေဗျ။ အခုလို မီးစက်နဲ့ ဖုန်းအားဖြည့်ပေးနေကြတာတောင် ကျေးဇူးတင်ရမှာပါ။ ဖုန်းတစ်လုံးကို ၁၀၀၀ ကျပ်ပေးရတယ်။ power bank တစ်လုံးကို ၂၀၀၀ ကျပ်ပေးရတယ်”လို့ ပြောပါတယ်။

မေလ ၁၄ ရက်မှာ မိုခါမုန်တိုင်းဟာ  စစ်တွေမြို့ကို ဗဟိုပြုတိုက်ခတ်သွားတာဖြစ်လို့ တမြို့နယ်လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး လျှပ်စစ်မီးပါပြတ်တောင်နေတာပါ။

ဒေသခံတဦးက "လျှပ်စစ်မီးမရတော့ မီးလုံး၊ မီးသီးတွေကအစ ငွေပေးပြီးအားဖြည့်နေကြရတာပေါ့။ မဖြည့်လို့လည်းမရဘူးလေ။ ညအချိန်ဆို မီးမရှိရင် ဘယ်လိုမှအဆင်မပြေနိုင်ပါ။ မီးသီးတစ်လုံးကို ၁၀၀၀ ကျပ် ပေးရတယ်။ ဒီလိုအားဖြည့်ပေးတဲ့သူတွေရှိတာတောင် ကျေးဇူးတင်ရမှာပါ။ လျှပ်စစ်မီးရဖို့က တလကျော်လောက်တောင်ကြာမယ်ထင်ပါတယ်”လို့ ပြောပါတယ်။

စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ပြည်မဘက်က လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းအင်အား အယောက် ၁၀၂၀ လောက်နဲ့ ဆောင်ရွက်နေတယ်လို့  ရခိုင်ပြည်နယ်စစ်ကောင်စီက မေလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024