DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲပြင်းထန်ဖြစ်ပြီး KNDF ရဲဘော် ၂ ဦးကျဆုံး၊ ဖယ်ခုံ တောင်စလုံးရွာကို စစ်ကောင်စီတပ်က ခြေကုပ်ယူ
DVB
·
May 21, 2023
ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲပြင်းထန်ဖြစ်ပြီး KNDF ရဲဘော် ၂ ဦးကျဆုံး၊ ဖယ်ခုံ တောင်စလုံးရွာကို စစ်ကောင်စီတပ်က ခြေကုပ်ယူ
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန် ဆက်လက်ဖြစ်ပွားနေပြီး  ဒီးမော့ဆို အရှေ့ဘက်ခြမ်းတိုက်ပွဲမှာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ ခုက ရဲဘော် ၂ ဦး ကျဆုံးသွားတယ်လို့ KNDF တပ်ရင်း ၉ က ထုတ်ပြန်ပါတယ်။

မေ ၁၈ ရက်က ဒီးမောဆိုအရှေ့ဘက်ခြမ်း တိုက်ပွဲအတွင်း  KNDF တပ်ရင်း ၉ မှ အသက် ၂၂ နှစ် အရွယ် မောင်ဖရန်စစ္စကို(ဂျားဂျာ) ကျဆုံးခဲ့သလို မေ ၁၅ ရက်ကလည်း KNDF တပ်ရင်း ၁၀ မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့တာပါ။

ရဲဘော်ကျဆုံးမှုအတွက်များစွာစိတ်မကောင်းဖြစ်ရသလို ဆုံးရှုံးမှူကြီးတစ်ခုလည်း ဖြစ်တယ်လို့ KNDF တပ်ရင်း ၉ မှ တာဝန်ရှိသူက ပြောပါတယ်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ တပ်မ ၆၆ တပ်မမှူး ဦးဆောင်ပြီး စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် မေ ၁၅ ရက်ကစပြီး ဒီနေ့ထိ ၅ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းရဲဘော်တယောက်က ပြောပါတယ်။

“တိုက်ပွဲက ၅ ရက်ဆက်တိုက် ရှိနေပြီဗျ။ စစ်ကောင်စီ အင်အား ၁၅၀ က ရွာထဲမှာရှိပြီးသား၊ ထပ်တိုးလာတာက ၂၀၀ လောက်ရှိမယ်။”

၅ ရက်တာ တိုက်ပွဲကာလမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ အဆမတန် ပစ်ခတ်တာတွေအပြင် လေကြောင်းကနေလည်း အကြိမ်ရေ ၂၀ ကျော်လောက်ထိ လာရောက်ပစ်ခတ်တယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်းရှိ  ဒေါစဲရွာ၊ ဒေါတငူးရွာ၊ တနီးလာလဲ ကျေးရွာတွေနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာဟာ ၃ လလောက် ရှိနေပြီဖြစ်ပါတယ်။

ရှမ်း-ကယားနယ်စပ်မှာရှိတဲ့ တောင်စလုံးကျေးရွာကိုလည်း စစ်ကောင်စီတပ်တွေက ခြေကုပ်ရသွားပြီဖြစ်တယ်လို့   KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ကရင်နီပွိုင့် 5 ပရောဂျက် ရုပ်သံမှာ ပြောထားပါတယ်။

“ကျနော်တို့ ဒီရက်ပိုင်းမှာပေါ့နော်၊ စစ်ကောင်စီတပ်တွေသည် ကရင်နီပြည်ကို ပင်လောင်းဘက်ကနေလည်း ဆက်ပြီးတော့မှ ထိုးနေတုန်းပဲ။ စစ်ကောင်စီကောင်စီတပ်က အခုဆိုရင် တောင်စလုံးဆိုတဲ့ရွာကို ခြေကုပ်ယူသွားနိုင်ပြီပေါ့နော်၊ အဲဒီဒေသပတ်ဝန်းကျင်မှာ တိုက်ပွဲဆက်ဖြစ်နေပေမဲ့လို့ပေါ့နော် တောင်စလုံးဆိုတဲ့ရွာကို စစ်ကောင်စီက ရသွားပြီပေါ့နော်။”

တောင်စလုံးကျေးရွာဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုမှာ ရှိတာဖြစ်ပြီး ဒီဒေသထဲမှာ ဖေဖော်ဝါရီ ၂၄ ရက်ကနေစပြီး  သုံးလလောက်  နေ့စဥ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေတာဖြစ်ပါတယ်။

တိုက်ပွဲတွေမဖြစ်ပွားခင် ဧပြီလ ၄ ရက်နေ့ကလည်း တောင်စလုံးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင်၅၀၀ အလေးချိန်ရှိတဲ့ ဗုံးတစ်လုံး ကြဲချခဲ့ပါတယ်။

မေလ ၈ ရက်နေ့က  တောင်စလုံးကျေးရွာတိုက်ပွဲအတွင်း  KNDF B/11 မှ တပ်ရင်းမှူး အန်းဂျလို(လို့) ပြင်းထန်စွာဒဏ်ရာရရှိခဲ့လို့ ဆေးကုသနေစဥ် နောက်တနေ့ မနက်မှာ ကျဆုံးသွားခဲ့ပါတယ်။

လက်တလောမှာလည်း ဒီးမော့ဆို အရှေ့ဘက်ခြမ်းကကျေးရွာတွေမှာရော၊ ဘောလခဲနဲ့ ရွာသစ်ကြားမှာပေါ့နော် တိုက်ပွဲတွေပြင်းထန်နေတုန်းပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်နေလို့  ထိခိုက်မှုတွေလည်းရှိတယ်လို့  KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က KA၊ KNDF၊ B09၊ KNDF B10 တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများကာ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

တိုက်ပွဲဆက်တိုက်ဖြစ်နေတာကြောင့် လိုအပ်တဲ့ ရိက္ခာ၊ လက်နက်ခဲယမ်း၊ ရဲဘော်အသုံးအဆောင်တို့အတွက် KNDF B09 ရဲ့ ၂၁ ရက်နေ့မှာ ပြုလုပ်မယ့် ကံစမ်းမဲ ကမ်ပိန်းတွေကို ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

မဲတစောင်ကို ၃၀,၀၀၀ ကျပ်နဲ့ ရောင်းချမှာဖြစ်ပြီး ပထမဆုကို 4W ကားတစီးအပြင် တခြားဆုတွေလည်း ပါဝင်ကာ ​ မဲအစောင်ရေ ၄,၀၀၀ ရောင်းချမယ်လို့ ဆိုပါတယ်။ 

PROJECT “ကရင်နီပွိုင့်5”  အစီအစဉ်မှာလည်း “ပွိုင့်5"ဝယ်ယူထားတဲ့ ပေးချေရမယ့် ပမာဏ ၆၀ ရာခိုင်နှုန်းလောက်သာရသေးတဲ့အတွက် ပြည်သူထည့်ဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013