DVB Logo
Home
Lead Story
KIO/KIA ရဲ့ နိုင်ငံရေးလမ်းစဉ်နှင့် တော်လှန်ရေးဝမ်းစာ
DVB
·
May 20, 2023
KIO/KIA ရဲ့ နိုင်ငံရေးလမ်းစဉ်နှင့် တော်လှန်ရေးဝမ်းစာ
Donate to DVB

ကေအိုင်အို၊ ကေအိုင်အေရဲ့ နိုင်ငံရေးလမ်းစဉ်ဟာ ကချင်အမျိုးသားတွေအတွက်ပဲ မဟုတ်ဘဲ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု အားလုံး၏ အကျိုးစီးပွားအတွက် အလုပ်လုပ်နေတာ ဖြစ်တယ်လို့ သူတို့ ခံယူထားတာ သိရပါတယ်။

ကေအိုင်အို ဟာဆိုရင် ရခိုင်တို့ ကိုးကန့်တို့၏ အစ်ကိုကြီးလည်း ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ရဲ့ ပဲ့ကိုင်ရှင်ဟာ ကေအိုင်အိုပါပဲ။ အခုဆိုရင် အင်မတန်အရေးကြီးတဲ့ FPNCC အဖွဲ့ထဲမှာတောင် ကေအိုင်အို ပါနေတာ တွေ့ရပါတယ်။ အဲဒီအဖွဲ့ထဲမှာတော့ UWSA က ဥက္ကဋ္ဌတာဝန်ယူထားတာ တွေ့ရပါမယ်။ တော်လှန်ရေး ရဲဘော်တွေ စနစ်တကျ ခွဲခြမ်းစိတ်ဖြာလေ့လာရမယ့် အကြောင်းအရာ အသစ်တခု ဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာအဖြစ် သတ်မှတ်ပြဋ္ဌာန်းလိုက်မှုဟာ အခြားဘာသာကို ကိုးကွယ်ကြတဲ့ တိုင်းရင်းသား လူနည်းစုတွေ အတွက် အခက်အခဲ ဖြစ်စေခဲ့တယ်လို့ တချို့တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အဆိုအရ သိရပါတယ်။

ကေအိုင်အို စတင်ဖွဲ့စည်းခဲ့တဲ့ သမိုင်းအကျဉ်း

ကချင်လူငယ်ခေါင်းဆောင် ၇ ဦးက စတင်ဖွဲ့စည်း တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ ညသန်းခေါင်းယံအချိန် ခုနှစ်စင်ကြယ် ထွက်တဲ့အချိန်မှာဖြစ်လို့ ကေအိုင်အေရဲ့ ဦးထုပ်မှာ ထောင့်ချိုး ၇ ခုနဲ့ ထည့်သွင်းချုပ်လုပ်စေခဲ့ကာ ကချင်လူငယ်ခေါင်းဆောင် ၇ ဦးကို ဂုဏ်ပြုထားတာလို့ သိရပါတယ်။

ပထမဦးဆောင်သူတွေ

ဗိုလ်ချုပ် ဇော်ဆန်းနှင့် ညီအစ်ကို ၃ ယောက် ဆဲဗင်းစတား (7 star) ရဲ့ ဖခင်က သူတို့ရဲ့ အဖဘုရားသခင်ထံမှာ ခွင့်တောင်းပြီးသကာလ ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကချင့်တော်လှန်ရေး စတင်သန္ဓေတည်ခဲ့လို့ သိရပါတယ်။

“တော်လှန်ရေးဟာ နိုင်ငံရေးရဲ့ အကျိုးဆက်ဖြစ်ပြီး စစ်ပွဲဆိုတာကတော့ နိုင်ငံရေးရဲ့ အကျိုးဆက်ဖြစ်ပါတယ်။”

ကမ္ဘာ့နိယာမ တရားအရတော့ စစ်ပွဲဆိုတာ သွေးထွက်တဲ့နိုင်ငံရေး ဖြစ်ပါသတဲ့... 

စစ်ရဲ့သဘောသဘာဝကို နားလည်တဲ့သူဟာ မိမိတို့ရဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ချမပြရပါဘူး။ တော်လှန်ရေးကြီး မပြီးဆုံးသမျှ ကာလပတ်လုံး စစ်ရေးသတိကြီးကြီးထားပြီး လုံခြုံရေးသတိ အမြဲရှိကြရမှာဖြစ်တယ်လို့ သူတို့ လက်ခံကျင့်သုံးနေတယ်။

အစိုးရအသစ် တက်လာတိုင်း ငြိမ်းချမ်းရေးစကားတော့ သူဦးငါရ ပြောကြတာပါပဲ။ ဒါပေမဲ့လည်း နိုင်ငံရေးအရ တန်းတူညီမျှမှု မရှိရင်ဖြင့် UN, Asia စသဖြင့် ကိုယ်စားလှယ်တွေ မည်သို့ပင် လာလုပ်ပေးစေကာမူ ငြိမ်းချမ်းရေး (Peace) က ဝေးနေဦးမှာပါပဲလို့ ငြိမ်းချမ်း‌ရေးအပေါ် သူတို့ အဲဒီလိုမြင်ပါတယ်။

ကမ္ဘာပေါ်မှာရှိကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းများကို ခွဲခြားစိတ်ဖြာကြည့်လိုက်မည်ဆိုလျှင်…

၁။ ဘာသာရေးကို အခြေခံတဲ့တော်လှန်ရေး

၂။ နိုင်ငံရေးကို အခြေခံတဲ့ တော်လှန်ရေး ဆိုပြီး ခွဲခြားသုံးသပ်ကြည့်နိုင်ပါတယ်။

နိုင်ငံရေးကို အခြေခံတဲ့ တော်လှန်ရေးက ဘာကိုလိုချင်လို့ တော်လှန်ရေးလုပ်ကြတာလဲ ဆိုတော့ လွတ်လပ်ခွင့်၊ တရားမျှတမှု၊ နိုင်ငံရေးတန်းတူညီမျှမှုရရှိရေး စတာတွေအပေါ်မှာ အခြေခံတာ တွေ့ရပါတယ်။

ကေအိုင်အို၊ ကေအိုင်အေရဲ့ ရပ်တည်ချက်

ပင်လုံစာချုပ်၊ တနည်းအားဖြင့် ပင်လုံကတိကဝတ်အပေါ်မှာ အခြေခံပါတယ်။ အရေးပါတဲ့ သတိထားရမယ့် အချက်ကတော့…

“ပင်လုံစာချုပ်ကို အခုချက်ချင်း အကောင်အထည်ဖော်ပေးမယ်ဆိုရင် အခုချက်ချင်း လက်နက်စွန့်မယ်” လို့ ကေအိုင်အေက ပြောခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ ရလဒ်က နောက်ဆုံးမှာ “ဆက်ပြီး ဆွေးနွေးကြဖို့အတွက် သဘောတူပါတယ်” ဆိုတာလောက်နဲ့ ကြေညာချက်ထုတ် နိုင်ငံရေးက ကာလရှည်ကြာခဲ့ကြရတာ။ တော်လှန်ရေး အဓွန့်ရှည်နေတာ မဆန်းဘူးရယ်။ တချို့ လက်နက်ကိုင်တော်လှန်ရေး လုပ်ကြတဲ့ တချို့အဖွဲ့အစည်းသေးလေးတွေကတော့ အင်အားက နည်းဆိုတော့ကား စစ်အင်အားမရှိတော့ အင်တာဗျူးနဲ့ နိုင်ငံရေးလုပ်ရတာပေါ့။

မည်သို့ပင်ဆိုစေကာမူ ကေအိုင်အို ဗဟိုကော်မတီကတော့ တွေ့ဆုံဆွေးနွေးပွဲတွေကို ဘယ်တော့မှ တံခါးပိတ်ထားတာ မတွေ့ရပါဘူး။

ပထမ နိုင်ငံရေး၊ ဒုတိယ စစ်ရေး၊ တတိယ နိုင်ငံရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု စသဖြင့် ဆောင်ရွက်နေတာ တွေ့ရမှာပါ။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများနဲ့ ပတ်သက်တဲ့ ကာတွန်းတကားတော့ သဘောကျမိတယ်။

“ကချင်အဖိုးကြီးတယောက် ကတုတ်ကျင်းတူးနေတဲ့ ပုံ...နဲ့ စာ၊ အဲဒါ တယောက်ကမေးတယ်၊ အဘိုး ဘာလုပ်နေတာလဲပေါ့ … အဲဒီအခါ အဘိုးကြီးက ပြန်‌‌ဖြေတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲလုပ်မယ် အသံကြားလို့ ငါ ကတုတ်ကျင်းတူးနေတာ” တဲ့ ... 

“နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ အဆင်မပြေကြတော့တဲ့အခါ အကျိုးဆက်အရ တော်လှန်ပုန်ကန်မှုတွေ ဖြစ်လာပြီး စစ်ရေးဟာ သွေးထွက်တဲ့နိုင်ငံရေးအဖြစ် ပြောင်းလာရတယ်” လို့ ကျနော်တို့ သင်ခန်းစာရယူနိုင်ပါတယ်။

တော်လှန်ရေးဝမ်းစာ ဖြည့်နိုင်ကြပါစေ၊

အရေးတော်ပုံ မုချအောင်ရမည်။

ချစ်မင်းနွဲ့ကြည်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013