မိုခါဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေကို လေယာဉ်နဲ့ ပေးပို့ဖို့ စီစဉ်နေတယ်လို့ ထိုင်းဘုရင့်လေတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ထိုင်းလေတပ်ဟာ မုန်တိုင်းဘေးသင့်မြန်မာပြည်သူတွေကို ကုလသမဂ္ဂကနေတဆင့် အကူအညီပေးဖို့ အစားအစာခြောက်တွေ၊ ခြုံစောင်တွေ၊ ခြင်ထောင်တွေ၊ အမျိုးသမီးသုံးပစ္စည်းတွေကို C-130H လေယာဉ်ကြီးနဲ့ ပေးပို့ဖို့ စီစဉ်ထားတာလည်းဖြစ်ပါတယ်။
အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ လေယာဉ်ဟာ မြန်မာနိုင်ငံကို မေလ ၂၃ ရက် နေ့လောက်မှာ ပျံသန်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာပြည်က မုန်တိုင်းဘေးသင့် ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ ထိုင်း ကြက်ခြေနီအဖွဲ့ကလည်း ထိုင်းပြည်သူတွေထံကနေ အလှူငွေတွေနဲ့ ပစ္စည်းတွေကို စတင်လက်ခံ နေပါတယ်။
အခုအချိန်ဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားပြီဖြစ်လို့ မုန်တိုင်းဒဏ်ခံရတဲ့ မြန်မာပြည်သူတွေ အသက်ရှင်ရပ်တည်ရေးအတွက် စားနပ်ရိက္ခာနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ အရေးတကြီး ပေးပို့ဖို့လိုနေပြီး မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကတော့ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့နဲ့ ထိုင်းလူမှုအသိုက်အဝန်းကလည်း မုန်တိုင်းဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို မေလ ၁၉ ရက်က ရန်ကုန်ရှိ ထိုင်းသံရုံးမှာ ပေးအပ်ခဲ့ပါတယ်။
ထိုင်းသံရုံးကနေတဆင့်ပေးအပ်တဲ့ အကူအညီပေးရေးပစ္စည်းတွေထဲမှာတော့ ဆန်အိတ် ၂၀၊ ခေါက်ဆွဲခြောက်ဖာ ၄၅ ဖာ၊ ငါးသေတ္တာ ၅၀၀ ၊ ကြက်အူချောင်းထုတ် ၂၀၀၀ ၊ ကြက်ဥ အလုံးရေ ၁၀၀၀၀ နဲ့ ငွေသား မြန်မာကျပ်ငွေ ၂ သန်းနဲ့ အမေရိကန် ဒေါ်လာ ၃၀၀၀ စတာတွေပါဝင်ပါတယ်။
Photo- Royal Air Force