DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းသင့် ပြည်သူများအတွက် လူသားစာနာအကူအညီ ကျပ်သိန်း ၈၄၀ ကျော်ထောက်ပံ့ပြီးဟု NUG ပြော
DVB
·
May 20, 2023
မုန်တိုင်းသင့် ပြည်သူများအတွက် လူသားစာနာအကူအညီ ကျပ်သိန်း ၈၄၀ ကျော်ထောက်ပံ့ပြီးဟု NUG ပြော
Donate to DVB

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် လတ်တလော အချိန်ထိ အရေးပေါ် လူသားစာနာမှုအကူအညီ ငွေကျပ်သိန်း ၈၄၀ ကျော် ထောက်ပံ့ထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

မေ ၁၉ ရက်အထိ နောက်ဆုံးရရှိထားခဲ့တဲ့ စာရင်းတွေအရ NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန် လိုက်တာဖြစ်ပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်ကို ကနဦးထောက်ပံ့ငွေကျပ် သိန်း ၁၀၀ အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ ထောက်ပံ့ကူညီမှုတွေထဲမှာ မုန်တိုင်းဒဏ်သင့် ချင်းပြည်နယ် ၉ မြို့နယ်ကို ကနဦး အရေးပေါ် ထောက်ပံ့ငွေကျပ် သိန်း ၁၀၀၊ ရခိုင်ပြည်နယ်၊ မောင်တော၊ ဂွနဲ့ ကျောက် တော်မြို့နယ်တွေမှာ အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာ ပံ့ပိုးပေးမှုအတွက် ငွေကျပ် သိန်း ၂၂၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းကို ငွေကျပ် ၇၆ သိန်းအပါအဝင် မကွေး၊ စစ်ကိုင်း၊ ရန်ကုန်တိုင်းတို့က မုန်တိုင်းသင့် ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေ ပါဝင်နေတာပါ။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်ကိုတော့ ၄၅၅ ယောက်ထိ ရှိ လာပြီလို့ NUG အစိုးရက ထုတ်ပြန်ထားခဲ့တာဖြစ်ပြီးတော့ အဆိုပါသေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီ အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

NUG အစိုးရအနေနဲ့ မုန်တိုင်းကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွေက အပျက်အစီး စာရင်းကောက်ယူမှုတွေကို ဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူစာရင်းတွေ ထပ်မံပြီးတော့ တိုးလာနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကတော့  မုန်တိုင်းကြောင့် သေဆုံးသူ ၄၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပြီး ရခိုင်အခြေစိုက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ စာရင်းမှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တခုတည်းမှာတင် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမယ်လို့ ကနဦးထုတ်ပြန်ထားကာ လက်ရှိအချိန်ထိ ဘယ်နိုင်ငံတကာ အဖွဲ့ အစည်းကမှ ကူညီထောက်ပံ့မှုတွေ မရှိသေးတာကြောင့် မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု တွေ အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြော ထားပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲ လောက် ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့က ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ် ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီးနောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာ ဒေသတွေမှာ မုန် တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီးဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များစွာရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013