မုန်တိုင်းကြောင့် ရေနစ်မြုပ်ပြီး ကောက်ပဲသီးနှံစိုက်ခင်းတွေ ပျက်စီးမှုရှိခဲ့ပေမဲ့ နိုင်ငံပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကြွေးကျန်ကင်းရှင်းတဲ့ တောင်သူတွေကိုသာ မိုးရာသီ စိုက်စရိတ်ချေးငွေ အသစ်ထုတ်ချေးသွားမယ်လို့ အသိပေး ကြေညာထားပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ် စိုက်ပျိုးရာသီ အလိုက် ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။ အခု ၂၀၂၃ ခုနှစ်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကိုတော့ မေ ၁၈ ရက်ကစပြီး တနှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်ဘဏ်ခွဲတွေကတဆင့် ပုံမှန်နှစ်တွေအတိုင်း ထုတ်ချေးပေးသွားမယ်လို့ ကြေညာထားပါတယ်။
တောင်သူတွေအနေနဲ့ အရင်ကယူထားတဲ့ ချေးငွေကို အရင်း၊ အတိုး ကြေလည်အောင် ဆပ်ပြီးမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမှာဖြစ်ပြီး အဲဒီဘဏ်က ထုတ်ချေးတဲ့ တခြား နှစ်တို၊ နှစ်လတ် ချေးငွေတွေကိုတော့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ညီရင် ထုတ်ချေးခွင့် ရရှိမယ်လို့ အဆိုပါဘဏ်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မိုခါမုန်တိုင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်း၊ ပခုက္ကူနဲ့ ရခိုင်ပြည်နယ်တို့မှာ စိုက်ပျိုးထားတဲ့ ပဲ၊ နှမ်း အပါအဝင် ကောက်ပဲသီးနှံစိုက်ခင်း အတော်များများ ရေနစ်မြုပ် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
ဒီအတွက် မုန်တိုင်းဒဏ်ကြောင့် ကောက်ပဲသီးနှံ ဆုံးရှုံးခဲ့ရတဲ့ တောင်သူတွေဟာ ပြန်လည် ရပ်တည်နိုင်ရေးအတွက် မျိုးစေ့၊ ပျိုးပင်နဲ့ စိုက်ပျိုးစရိတ် ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်း စလင်းမြို့နယ်က နှမ်းတောင်သူတဦးက “စိုက်ပျိုးစရိတ် အရင်းနှီးကြီးတဲ့နှစ်မှာ ရေကြီးတော့ အရှုံးကြီးတာပေါ့။ နှမ်းက ရေမြုပ်တာ အဆိုးဆုံးပဲ၊ တောင်သူ တော်တော်များများ ထိကြတယ်။ တချို့စိုက်ခင်းတွေက ပြန်အဆင်ပြေသွားပေမဲ့ အထွက်နှုန်း လျော့နိုင်တယ်” လို့ ပြောပါတယ်။
မေ ၁၂ ရက်က စတင်ရွာသွန်းခဲ့တဲ့မိုးကြောင့် မုန်တိုင်းဒဏ်သင့်ဒေသတွေက စိုက်ပျိုးမြေတွေ၊ လမ်း၊ တံတားတွေနဲ့ လူနေအိမ်၊ အဆောက်အဦတွေ နစ်မြုပ်ခဲ့ပြီး အိမ်ထောင်စုများစွာ ထိခိုက်ခဲ့ရပါတယ်။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားခဲ့တဲ့ စိုက်ပျိုးမြေဧကစာရင်းကိုတော့ စစ်ကောင်စီက ဒီနေ့အချိန်ထိ ထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကတော့ ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် လယ်ယာကဏ္ဍ ထိခိုက်ပျက်စီးဆုံးရှုံးမှု မြေပြင်စာရင်းအမှန်ကို အမြန်ဆုံး ကောက်ယူနိုင်ဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ထားပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ မိုးရာသီ စိုက်ပျိုးမယ့် သီးနှံမျိုးစေ့တွေ ပျက်စီးမှုရှိနိုင်တဲ့အတွက် လိုအပ်တဲ့ မျိုးစေ့တွေ ဖြည့်ဆည်းပေးနိုင်ရေး လုပ်ဆောင်သွားမယ်လို့ မေ ၁၇ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။