DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများအတွက် ချားလ်စ်ဘုရင်က ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်
DVB
·
May 19, 2023
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများအတွက် ချားလ်စ်ဘုရင်က ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်
Donate to DVB

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူတွေအတွက် ယူကေနိုင်ငံ တတိယမြောက် ချားလ်စ်ဘုရင်က ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။

“အခုလို အကူအညီများစွာ လိုအပ်နေတဲ့အချိန်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသူတွေ အားလုံးအတွက် ကျနော်တို့ သတိရ ဆုတောင်းပေးနေပါတယ်။ အခုလို အဖြစ်ဆိုးမှာ မိမိတို့ရဲ့ ချစ်ရသူများ ဆုံးရှုံးခဲ့ရတဲ့ အတွက်လည်း နက်ရှိုင်းစွာ ဝမ်းနည်းကြေကွဲရပါတယ်။’’

ယူကေနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ပေါင် ၂ သန်း ထပ်မံထောက်ပံ့ ကူညီသွားမယ်လို့လည်း မေ ၁၉ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပြီး ဒီအကူအညီတွေကိုတော့ မုန်တိုင်းသင့်ပြည်သူ ၁၇၅,၀၀၀ လောက်အထိကို သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အမိုးအကာတွေ ရရှိနိုင်စေဖို့နဲ့ နောက်ဆက်တွဲရောဂါ ကူးစက်ပျံ့နှံ့မှုတွေ လျှော့ချနိုင်စေဖို့ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံဟာ ဒီမတိုင်ခင်ကလည်း အရေးပေါ် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေသူတွေဆီ ပေါင် ၆ သိန်းခွဲကို ပြည်တွင်းနဲ့ နိုင်ငံတကာ မိတ်ဘက်အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့ကူညီခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ယူကေ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အင်ဒရူး မစ်ရှဲလ်ကတော့ “ဆိုင်ကလုန်း မိုခါဟာ ရိုဟင်ဂျာတွေ အပါအဝင် အလွန်အမင်း ထိခိုက်လွယ်တဲ့ လူ့အဖွဲ့အစည်းကို ထိခိုက်စေခဲ့ပါတယ်။ ယူကေအနေနဲ့ မြန်မာနိုင်ငံက အမိုးအကာမရှိ နေထိုင်နေကြရတဲ့ မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိနိုင်ရေးအတွက် နောက်ထပ် ရန်ပုံငွေအသစ် ပေါင် ၂ သန်း ကူညီသွားမှာ ဖြစ်ပါတယ်။ လိုအပ်နေသူတွေဆီ အရေးပေါ် အသက်ကယ်ထောက်ပံ့ကူညီမှုတွေ အမြန်ဆုံး ပို့ဆောင်နိုင်ဖို့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက မြေပြင်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ယူကေနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်ပြီးတော့ ရခိုင်ပြည်နယ်က သောက်သုံးရေ၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေး၊ အရေးပေါ် စားနပ်ရိက္ခာနဲ့ အာဟာရဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ပေါင် ၈၁ သန်း ထောက်ပံ့ကူညီထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ပုံငွေ ပေါင် ၂၉ ဒသမ ၈ သန်းကျော်ကိုတော့ ရိုဟင်ဂျာနဲ့ တခြားမွတ်ဆလင် လူနည်းစုတွေကို တိုက်ရိုက် ထောက်ပံ့ပေးထားခဲ့တယ်လို့ ပြောပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမှာဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ လက်ရှိအချိန်ထိ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုတွေ မရှိသေးတာကြောင့် မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

NUG အစိုးရ လူသားစာနာ ထောက်ပံ့ကူညီမှုတွေ အနေနဲ့ ရခိုင်ပြည်နယ်အတွက် ကနဦး ထောက်ပံ့ငွေကျပ် သိန်း ၁၃၀၊ ချင်းပြည်နယ်အတွက် သိန်း ၁၀၀ အပါအဝင် ငွေကျပ်သိန်း ၆၄၀ ကျော် သုံးစွဲထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013