ဗြိတိန်ဘုရင် ချားလ်စ်က ဉာဏ်ရည်တု (AI) နည်းပညာဟာ မသမာသူတွေလက်ထဲ ရောက်သွားရင် “ရှင်သန်ရပ်တည်ရေးကိုပါ ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်တွေ” ရှိတယ်လို့ စက်တင်ဘာ ၁၇ ရက်မှာ နည်းပညာ ထိပ်သီးခေါင်းဆောင်တွေကို သတိပေးလိုက်ပါတယ်။
AI နည်းပညာ ဖန်တီးခဲ့သူတွေ ကိုယ်တိုင်က AI ဟာ လူတွေရဲ့ အသက်ကိုပါ နုတ်ယူနိုင်တဲ့အထိ ပိုမိုမှောင်မိုက်တဲ့ စွမ်းရည်တွေ ရှိလာနိုင်တယ်လို့ စိုးရိမ်တကြီး သတိပေးနေကြပြီဖြစ်ကြောင်း ချားလ်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
AI ကို “ကပ်ဘေးသဖွယ် ပျက်စီးစေနိုင်တဲ့ ပုံစံတွေနဲ့” အသုံးပြုလာနိုင်တာကြောင့် အခြေအနေတွေ “နောက်ကျမသွားခင်” ခိုင်မာတဲ့ ထိန်းချုပ်ကန့်သတ်မှုတွေ အမြန်ဆုံး ပြုလုပ်ထားကြဖို့လည်း သတိပေးခဲ့ပါတယ်။
ချားလ်စ်ဟာ Nvidia နဲ့ Google DeepMind တို့ရဲ့ ပူးတွဲတည်ထောင်သူတွေအပြင် OpenAI နဲ့ Anthropic တို့က ခေါင်းဆောင်တွေကို စကော့တလန်မှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပြီး AI ဘေးကင်းလုံခြုံရေး ကြိုးပမ်းမှုတွေဟာ နည်းပညာတိုးတက်မှုနောက်ကို မမီဘဲ နောက်ကျကျန်နေတယ် ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ အခုလို တွေ့ဆုံခဲ့တာပါ။
တွေ့ဆုံမှုအတွင်း ဘုရင် ချားလ်စ်က အခုလို စတင်ပုံဖော်နေတဲ့အချိန်မှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ အနာဂတ်မျိုးဆက်တွေ ဆက်ခံရမဲ့ ကမ္ဘာကြီးကို ပုံဖော်ပေးသွားမှာ ဖြစ်တာကြောင့် နည်းပညာ တိုးတက်ရုံတင်မကဘဲ လူသားထု၊ လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို အမှန်တကယ် အကျိုးပြုဖို့နဲ့ ထာဝရတန်ဖိုးတွေကို မပျောက်ပျက်စေဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
မကြာသေးမီ သီတင်းပတ်တွေ အတွင်းမှာတော့ ဒီလုပ်ငန်းခွင်ဟာ ကိုယ့်ဘာသာ ထိန်းကျောင်း ကန့်သတ်တာမျိုး လုပ်နိုင်သလား၊ လုပ်သင့်သလားဆိုတဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး လီယို ၁၄၊ ဘုရင် ချားလ်စ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပါအဝင် ကမ္ဘာ့ဩဇာတိက္ကမ ရှိသူတွေပါ ဝင်ရောက် ပြောဆိုလာကြတာ ဖြစ်ပါတယ်။
Source: Reuters











