Home
မြန်မာသတင်း
မုန်တိုင်းကြောင့် ရသေ့တောင်တွင် ဓမ္မာရုံပြိုကျပြီး ၁၃ ဦးသေ၊ မုန်တိုင်းဒဏ်သင့် ပုဏ္ဏားကျွန်းရှိ ကြိမ်ကျွန်းနှင့် သာယာကုန်းရွာတို့ အကူအညီလိုအပ်
DVB
·
May 19, 2023

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာမှာ မေ ၁၄ ရက် နေ့လယ်ပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဓမ္မာရုံပြိုကျပြီး ကျေးရွာသား ၁၃ ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးလုပ်နေသူတဦးက ပြောပါတယ်။

“မုန်တိုင်းက စစ်တွေ၊ ရသေ့တောင်က ဖြတ်သွားမယ်လို့ သတင်းတွေမှာ ဖော်ပြတော့ ရွာသားတွေက ကြောက်ပြီး ဘုန်းကြီးကျောင်းမှာ သွားခိုလှုံကြတာဖြစ်တယ်။ အဲဒီမှာ အဆောက်အဦပြိုကျပြီး ပိပြီးတော့ သေကြတာဖြစ်တယ်။ သေသွားတာကတော့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၉ ဦးဖြစ်တယ်။ အသက် ၈နှစ်အရွယ် မိန်းကလေးတဦးလည်း ပါသွားတယ်။”

ဒါ့အပြင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့ ကျေးရွာသား ၁၀ ယောက်ကျော်လည်း ဆေးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။

မုန်တိုင်းဒဏ်ကြောင့် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေမှာ ရခိုင်လူမျိုး ၃၀ ကျော် သေဆုံးမှုရှိလာပြီဟု လူမှုကူညီရေး ပြုလုပ်နေသူတွေရဲ့ စာရင်းတွေအရ သိရပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဆက်သွယ်ရခက်ခဲနေတာကြောင့် သေဆုံးသူ အခုထက်ပိုများနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာလည်း ရိုဟင်ဂျာကျေးရွာသားတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ ၁၁၀ နီးပါးခန့် သေဆုံးခဲ့တယ်လို့ စစ်တွေမြို့နယ်မှ ရိုဟင်ဂျာတွေဆီက သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကြိမ်ကျွန်းကျေးရွာနဲ့ သာယာကုန်းကျေးရွာတွေမှာ နေအိမ်အဆောက်အဦတွေ ရွာလုံးကျွတ်ပျက်စီးသွားပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြိမ်ကျွန်းကျေးရွာမှ မုန်တိုင်းသင့်ပြည်သူ ကိုနိုင်မင်းသူက “ရွာကတော့ သွပ်မိုးအိမ်တွေ အမိုးလန်ပြီး ရွာလုံးကျွတ်ပျက်စီးကာ ဒီရေလည်းတက်တယ်။ လေမုန်တိုင်းလည်း တိုက်တယ်ဆိုတော့ ကျွဲ နွား တိရစ္ဆာတွေလည်း သေကုန်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်တော့ အိမ်ခြေ ၇၀ လောက်က ဒေသခံပြည်သူတွေဟာ ဘုန်းကြီးကျောင်းကို ပြေးကြပေမဲ့ ဘုန်းကြီးကျောင်းမှာလည်း ခိုလှုံစရာနေရာ မရှိသလို အကူအညီတွေလည်း ဘာမှရောက်မလာသေးလို့ မရှိ ရှိတာလေးနဲ့ ရှာပြီး စားနေရတယ်လို့ ဆိုပါတယ်။

“လတ်တလောအခြေအနေမှာ စားဝတ်နေရေးအတွက်ကတော့ အုန်းသီး၊ သရက်သီး ကြွေကျတာလေးတွေ ရှာဖွေစားသောက်နေရပါတယ်။ ဘယ်သူမှလည်း ထောက်ပံ့ကူညီသူ မရှိသေးလို့ NGO/INGO အဖွဲ့တွေအနေနဲ့ အမြန်ဆုံး ကူညီထောက်ပံ့ပေးစေချင်တယ်” လို့ ကိုနိုင်မင်းသူက ပြောပါတယ်။

နေစရာအိမ်မရှိတော့လို့ အမိုးကျန်တဲ့ နေအိမ်လေးတွေမှာ မှီခိုနေရပြီး တအိမ် နှစ်အိမ်လောက်သာ ကျန်ခဲ့တဲ့အတွက် ရွာသားတွေအားလုံး နေထိုင်ဖို့ဆိုတာ အဆင်မပြေသလို အကာအရံတွေလည်း မရှိပါဘူးလို့ ဆိုပါတယ်။

ဒီရေ အဆမတန်မြင့်တက်ခဲ့တာကြောင့် လယ်မြေတွေအားလုံးကို ဆားငန်ရေတွေ ဝင်ရောက်ခဲ့လို့ မိုးဦးရာသီမှာ စပါးစိုက်ပျိုးဖို့ အခက်အခဲတွေ ဖြစ်သွားတာကြောင့် ဆန်စပါးရှားပါးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောပါတယ်။

သာယာကုန်းကျေးရွာမှာတော့ မိုခါမုန်တိုင်းကြောင့် ရာနှုန်းပြည့်ပျက်စီးပြီး တအိမ် နှစ်အိမ်လောက်သာ ကျန်ရှိကာ လျှပ်စစ်ဓာတ်မီးတိုင်တွေ၊ သစ်ပင်တွေ ပြိုလဲပျက်စီးခဲ့တယ်လို့ သာယာကုန်းရွာ မုန်တိုင်းသင့်ပြည်သူတယောက်ဖြစ်တဲ့ ကိုစိုးဝင်းနိုင်က ပြောပါတယ်။

“လျှပ်စစ်မီးတွေ၊ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်တွေ ပြတ်တောက်သွားတာကြောင့် ဖုန်းအားသွင်းဖို့၊ တဦးနဲ့တဦး အဆက်အသွယ်ရရှိနိုင်ဖို့ အခက်အခဲတွေဖြစ်နေပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြုပြင်ဖို့ကလည်း ပိုက်ဆံကလည်းမရှိဘဲ စားရေးသောက်ရေးကလည်း အခက်အခဲဖြစ်နေကြတယ်။ လတ်တလောမှာ ခေါင်မိုးတွေအားလုံး လန်သွားတော့ အိပ်စရာနေရာလည်း မရှိဘူး။ သောက်သုံးရေကန်တွေကိုလည်း ဆားငန်ရေတွေ ဝင်သွားလို့ ရေအခက်အခဲ ဖြစ်နေတယ်။ အိမ်မိုး သွပ်စျေးနှုန်းနဲ့ စားသောက်ကုန်စျေးနှုန်းတွေ ၂ ဆလောက် မြင့်တက်သွားပြီး ကုန်ပစ္စည်းမရှိလို့ ဝယ်ယူလို့မရဘူး။”

ကူညီထောက်ပံ့မှုတွေကတော့ ဘယ်အဖွဲ့အစည်းမှ မရောက်သေးပေမဲ့ ULA/AA ကတော့ မုန်တိုင်းတိုက်ခတ်တဲ့အချိန်မှာ ပြည်သူတွေ မထိခိုက် မနာကျင်အောင် အကုန်လုံးကို ရွှေ့ပြောင်းပေးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေ၊ မိုးကာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေမှာ နေအိမ် အဆောက်အဦနဲ့ လမ်းတွေ ၉၅ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024