DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဒဏ်သင့် စစ်တွေတွင် လျှပ်စစ်မီးပြန်ရရန် ကျွမ်းကျင်ဝန်ထမ်း ၁၀၀၀ ကျော်ဖြင့် ဆောင်ရွက်နေ
DVB
·
May 19, 2023
မုန်တိုင်းဒဏ်သင့် စစ်တွေတွင် လျှပ်စစ်မီးပြန်ရရန် ကျွမ်းကျင်ဝန်ထမ်း ၁၀၀၀ ကျော်ဖြင့် ဆောင်ရွက်နေ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁,၀၂၀ နဲ့ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ကောင်စီက မေ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ မြို့နယ်တွေမှာ တလအတွင်း လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက် ပဲခူးအရှေ့၊ အနောက်၊ မကွေး၊ ရန်ကုန်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နေပြည်တော်၊ မန္တလေး၊ ဧရာဝတီတိုင်းတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁,၀၂၀ ဦး လာရောက်ပြင်ဆင်နေကြတာလို့ ဆိုပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ လျှပ်စစ်မီး တလအတွင်း ပြန်လည်ရရှိနိုင်ဖို့ ပြည်မက လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၄၀၀ ကျော် မနေ့က ရောက်လာကြပြီး စတင်ပြုပြင်နေတယ်လို့ စစ်တွေမြို့နယ် လျှပ်စစ်ရုံး တာဝန်ရှိသူတွေထံက သိရပါတယ်။

“စစ်တွေက လျှပ်စစ်ဝန်ထမ်းအင်အားနဲ့ ဘယ်လိုမှ လိုက်မမီတော့ဘူးလေ။ ပြည်မဘက်က ကျွမ်းကျင်ဝန်ထမ်း ၄၀၀ ကျော် မနေ့က ရောက်ရှိလာကြပြီး ၁၈ ရက်နေ့က စပြီး အဖွဲ့တွေခွဲပြီး ပြုပြင်ဆောင်ရွက်နေကြတယ်။”

ရခိုင်ပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်တွေမြို့နယ် အပါအဝင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ် အစရှိတဲ့ မုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ မြို့နယ်တွေမှာ လျှပ်စစ်မီးတိုင်တွေနဲ့ လျှပ်စစ်ဓာတ်အားကြိုးတွေ ပျက်စီး ပြတ်တောက်တာတွေ ရှိခဲ့တာပါ။

ပဲခူး အနောက်ဘက်ကနေ စစ်တွေကိုလာပြီး လျှပ်စစ်မီးတိုင်တွေ ပြုပြင်ဆောင်ရွက်နေတဲ့ ကျွမ်းကျင်ဝန်ထမ်းတဦးက “ကျနော်တို့လာတာက ပဲခူးအနောက်ကဗျ။ ကျနော်တို့နဲ့အတူ ပဲခူးအရှေ့ရယ်၊ အနောက်ရယ်၊ မကွေးရယ်၊ ရန်ကုန်ရယ်၊ အဲဒီမြို့နယ်တွေက လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၄၀၀ ကျော်တယ်၊ အဖွဲ့ ၄ ဖွဲ့ခွဲပြီး စစ်တွေမြို့နယ်အတွင်းမှာ ဒီနေ့ကစပြီး လိုက်ပြုပြင်နေကြတာ။ ကျနော်တို့အဖွဲ့က လမ်းမကြီးတလျှောက်နဲ့ အနောက်ဘက်ပေါ့” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်း ပင်မဓာတ်အားပေးစစ်ရုံမှ စစ်တွေမြို့ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်မီးတိုင် ၇၀ ကျော်မှာ မုန်တိုင်းကြောင့် ပြိုလဲသွားခဲ့ရပြီး စစ်တွေမြို့နယ်ရှိ ပြိုလဲသွားခဲ့ရတဲ့ လျှပ်စစ်မီးတိုင် အရေအတွက်ကို မရေတွက်နိုင်သေးကြောင်း စစ်တွေမြို့နယ် လျှပ်စစ်ရုံး တာဝန်ရှိသူတဦးက ဆိုပါတယ်။

အဲဒီလို အချိန်မီပြင်ဆင်နိုင်ဖို့ လျှပ်စစ်ကွန်ကရစ်တိုင် ၂,၀၀၀၊ ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများ၊ တာဝါသံဘောင်များ၊ ကွန်ကရစ်တာဝါတိုင် ၃,၅၀၀ နဲ့ အိမ်မိုးသွပ်ချပ် ၁,၅၀၀၊ မီးစက်များ၊ စက်သုံးဆီများ၊ ကြိုးများ၊ ကြွေသီးများ၊ လိုင်းဆွဲရာမှာ အသုံးပြုတဲ့ ယန္တရားတွေကို ကား ၁၂ စီးနဲ့ အသီးသီး ပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိပစ္စည်းတွေကိုလည်း စစ်ကောင်စီရေယာဥ်တွေ၊ ကားတွေနဲ့ ပို့ဆောင်ပေးနေကြောင်း ပြည်နယ်လျှပ်စစ်ရုံး တာဝန်ရှိသူတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013