DVB Logo
Home
Lead Story
သတိထားရမည့် စစ်အုပ်စု၏ စိတ်ဓာတ်စစ်ဆင်ရေး
DVB
·
May 19, 2023
သတိထားရမည့် စစ်အုပ်စု၏ စိတ်ဓာတ်စစ်ဆင်ရေး
Donate to DVB

ကမ္ဘာ့သမိုင်းတွင်ဖြစ်စေ၊ မြန်မာ့သမိုင်းတွင်ဖြစ်စေ တဖက်နှင့်တဖက် တိုက်ခိုက်ကြသော ပဋိပက္ခဖြစ်စဉ်တိုင်းတွင် စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ခြင်းလုပ်ငန်းသည် အထူးအရေးပါလှပါသည်။ မြန်မာပြည်အား နှစ်ပေါင်းများစွာ သွေးစုပ်ခြယ်လှယ်နေသော စစ်အာဏာရှင်တို့သည်လည်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းအားဌာနတခုဖွင့်လှစ်ကာ ခေတ်အခြေအလိုက် စနစ်တကျ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ အလွန်ဆိုးယုတ်သည့် လူတစုလက်တွင် ထိုသို့ ထိရောက်သည့် လက်နက်ရှိနေခြင်းမှာ ကြောက်စရာကောင်းလှ၏။

စစ်အုပ်စုသည် စိတ်ဓာတ်စစ်ဆင်ရေးဌာနအား ပြည်ပနိုင်ငံများသို့ စေလွှတ်သင်ကြားထားသူများဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စုသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူတို့အား ဝါဒဖြန့်ချိမှုနှင့် လှုံ့ဆော်မှုကို တွဲဖက်ဆောင်ရွက်ကာ အသိအမြင်ဝေဝါးစေရန် အမြဲလုပ်ဆောင်ပါသည်။

လူ့သဘောသဘာဝကို အခြေပြုပြီး ၎င်းတို့၏ လှုံ့ဆော်နည်းလုပ်ငန်းတွင် နည်းလမ်း ၈ မျိုး ခွဲထားပါသည်။

၎င်းတို့မှာ-

၁။ မိုးခါးရေသောက်စေနည်း

စစ်အုပ်စုလက်ဝေခံများသည် ၎င်းတို့၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားပြီး အများဆန္ဒကို ပြောချင်ဟန်ဖြင့် လူထုကိုသိမ်းသွင်းခြင်း၊

၂။ သက်သေညွှန်းနည်း

ဖြစ်စဉ်ဖြစ်ရပ်မှန်ကို ပြဆိုပြီး လိုရာဆွဲ သိမ်းသွင်းခြင်း၊

၃။ စောင်းပါးရိပ်ခြည်နည်း

မိမိပြောလိုသော အကြောင်းအရာကို ပြည်သူတို့ စဉ်းစားလက်ခံလာစေရန် သွယ်ဝိုက်ပြောဆိုခြင်း၊

၄။ အချက်ဆုံပြနည်း

ပြောလိုသော အကြောင်းအရာကို အသေးစိတ်ချပြပြီး အထင်ကြီးမှုရယူခြင်း၊

၅။ ပုတ်ခတ်နည်း

လူပြိန်းကြိုက်စကားများဖြင့် တဖက်သားအား ပုတ်ခတ်ပြောဆိုပြီး လူထုကိုစည်းရုံးခြင်း၊

၆။ ဖုံးကွယ်နည်း

မိမိမကောင်းမှုကို သေးအောင် တဖက်အဖွဲ့၏ အမှားကို ပုံကြီးချဲ့ကာ ပြောဆိုစည်းရုံးခြင်း၊

၇။ လွယ်လွယ်ရှင်းရှင်းနည်း

ပြည်သူတို့ ရုတ်တရက် သတိမထားမိသော ရိုးရှင်းသည့်အချက်များကို စေတနာဖြင့် ထောက်ပြဟန် ပြောဆိုစည်းရုံးခြင်း၊

၈။ စရိုက်လိုက်နည်း

လူမှုအဆင့်အတန်းအလိုက် ဓလေ့ထုံးစံ၊ စီးပွားရေး၊ ကိုယ်ကျိုးမက်လုံးများဖြင့် စည်းရုံးခြင်း စသော နည်းလမ်းများဖြင့် လှုံ့ဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပါသည်။

၎င်းနည်းလမ်းများနှင့် တွဲဖက်အသုံးပြုသော ဝါဒဖြန်နည်းများမှာ-

၁။ တီးတိုးဝါဒဖြန့်ခြင်း၊

၂။ ကောလာဟလသတင်းလွှင့်ခြင်း၊

၃။ ဆွေးနွေးပွဲများဖြင့် ဝါဒဖြန့်ခြင်း၊

၄။ ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာ၊ လူမှုမီဒီယာများမှ ကာတွန်း၊ စာပေ၊ ရုပ်ရှင်၊ ဂီတ စသော အမျိုးမျိုးသော လူမှုဆက်သွယ်ရေး နယ်ပယ်များကို  အသုံးချဝါဒဖြန့်ခြင်း၊

၅။ စစ်အုပ်စုလိုလားသူများ၏ သဘောထားကို တခြားသူများကြား ကျယ်ပြန့်လာစေရန် တဖက်လှည့်ဖြင့် ကူညီပေးခြင်း စသောနည်းများဖြစ်သည်။

ထိုသို့ လှုံ့ဆော်နည်း၊ ဝါဒဖြန့်နည်းများကို လိုအပ်သလို တွဲဖက်လုပ်ဆောင်ခဲ့သော စစ်အုပ်စုသည် နွေဦးတော်လှန်ရေးနှင့်အတူ နိုင်ငံရေးအသိအမြင် နိုးကြားလာသော ပြည်သူလူထုကို စည်းရုံးရာတွင် အခက်အခဲများ ရှိလာခဲ့သည်။

သို့သော် ယနေ့ခေတ် လူငယ်တို့၏ သဘောသဘာဝကိုလိုက်ကာ သတင်းဖုံးကွယ်စေသော အရေမရ အဖတ်မရ အကြောင်းအရာများကို လူကြိုက်များသော ဆက်သွယ်ရေးမီဒီယာများကို အသုံးပြု ဖြန့်ဝေနည်းကို အထူးအသုံးပြုလာကြောင်း တွေ့ရသည်။

၎င်းတို့ပိုင်ရုပ်သံလိုင်းများမှ အညှီအဟောက်ဆန်သော ဇာတ်လမ်းများ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ကူးထုတ်လွှင့်ခြင်း၊ လူမှုမီဒီယာများမှ ကျယ်ကျယ်ပြန်ပြန့် ထပ်မံဖြန့်ဝေစေခြင်း စသောနည်းများဖြင့် ၎င်းတို့ နိုင်ငံအနှံ့ကျူးလွန်သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု သတင်းများကို ဖုံးကွယ်ရန် ကြိုးစားနေကြောင်း တွေ့ရသည်။

ထို့အပြင် လူငယ်များ အထူးကြိုက်နှစ်သက်သော အားကစားနယ်ပယ်တွင်လည်း ထိုးဖောက်စည်းရုံးရန် ကြိုးပမ်းလျက်ရှိကြောင်း တွေ့ရသည်။ ဥပမာအနေနှင့် ၎င်းတို့ရွေးချယ်စေလွှတ်သော အားကစားသမားများ ဝင်ပြိုင်သည့် Sea Game ပြိုင်ပွဲများတွင် ၎င်းတို့စစ်အုပ်စု၏ အသင်းများ နိုင်ပွဲရသော ပြိုင်ပွဲများတွင် ယခင်မရှိခဲ့ဘူးသော အားကစားသတင်း page ဆန်ဆန် Facebook Page များ အများအပြားဖွင့်ကာ အခ‌ကြေးငွေဖြင့် လူသိများစေသော Boost လုပ်နည်းများပါ အသုံးပြု ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ၎င်းတို့လက်‌‌‌‌‌‌‌‌‌ဝေခံများမှ တော်လှန်ရေးသမားများ ဟန်ဆောင်ကာ “အားကစားနှင့် နိုင်ငံ‌ရေး ဘာမှမဆိုင်ဘူး” ဟူသော ဆောင်ပုဒ်ကို ကျယ်ကျယ်ပြန့်ပြန့်လွှင့်ကာ စစ်အုပ်စု၏ နိုင်ငံရေးဂုဏ်သိက္ခာကို သွယ်ဝိုက်မြှင့်တင်ရန်၊ တော်လှန်ပြည်သူများ စိတ်‌‌ဝေဝါးစေရန် ကြိုးစားခဲ့သည်ကိုလည်း တွေ့ရပါသည်။

သို့သော် အာဏာရှင်လက်အောက်တွင် တကယ်အရည်အချင်းမရှိဘဲ လက်ပူတိုက်ထားသည့် အဖွဲ့များဖြစ်ရာ ၎င်းတို့မျှော်မှန်းသော အောင်မြင်မှု မရခဲ့ပေ။ သတိမမူမိသော ပြည်သူအချို့ စိတ်ဝေဝါးကာ စစ်အုပ်စုကို သွယ်ဝိုက် အားပေးမိသည်မှလွဲ၍ ထူးခြားသည့် အောင်မြင်မှု မရခဲ့ပေ။ ထိုသို့ဖြစ်စဉ်များအတွက် သတိထားပြင်ဆင်ထားရန်တော့ လိုအပ်၏။

မည်သို့ပင်ဖြစ်စေ စစ်အုပ်စုသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိရာ ပြည်သူတို့အနေနှင့် ၎င်းတို့၏ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်နည်းများကို သတိကြီးကြီးထားကာ ကျော်လွှားကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ညိုသူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013