
မြန်မာနိုင်ငံနဲ့ အခြေအနေပေါ်မူတည်ပြီး ချိန်ညှိထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက အခုသီတင်းပတ်အတွင်း မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ဩဂုတ် ၄ ရက်က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဗဟိုဌာနချုပ်မှာ အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကင်ဟောင်နဲ့ တွေ့ဆုံအပြီး အခုလို တောင်းဆိုလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မြန်မာအရေးဆိုင်ရာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပဋိပက္ခထိန်းသိမ်းဖို့ အာဆီယံရဲ့ လမ်းညွှန်မူဘောင်အဖြစ် ဆက်လက်ရှိနေတယ်လို့လည်း အနုထင်းက သူ့ရဲ့ မူဝါဒဆိုင်ရာ မိန့်ခွန်းမှာ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်အနုထင်း ချန်းဝီရကွန်းက “ထိုင်းနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကို ဆက်ဖွင့်ထားပြီး မြေပြင်လက်တွေ့အခြေအနေတွေကို တုံ့ပြန်ရင်း၊ တဖက်မှာလည်း ခိုင်မာတဲ့ တိုးတက်မှုတွေကို တွန်းအားပေးနိုင်မဲ့ အခြေအနေအလိုက် ချိန်ညှိထိတွေ့ဆက်ဆံတဲ့မူကို လိုလား ထောက်ခံခဲ့ပါတယ်” လို့ ပြောပါတယ်။
တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဌာနေ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပြီး ကျန်းမာရေးကောင်းမွန်တဲ့ ပုံစံရှိတယ်ဆိုတာကြောင့် ဒီချဉ်းကပ်မှုဟာ လမ်းကြောင်းမှန်ကို ဦးတည်နေပြီလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
“ဒါဟာ ထိုင်းနိုင်ငံက တလျှောက်လုံး လိုလားထောက်ခံလာခဲ့တဲ့ ကိစ္စဖြစ်ပါတယ်”လို့ အနုထင်းက ဖြည့်စွက်ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုထင်းဟာ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တို့မှာ ထိုင်းနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။
အာဆီယံရဲ့ ပြည်တွင်းရေးဝင်မစွက်ရေး မူဝါဒတွေဟာ အခြေခံကျပေမဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ လိုက်လျောညီထွေရှိမှု၊ လက်တွေ့ကျမှုတို့နဲ့အတူ ကျင့်သုံးရမယ်လို့လည်း ဝန်ကြီးချုပ် အနုထင်းက ပြောပါတယ်။
အာဆီယံက မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံတာဟာ စစ်အာဏာရှင်အစိုးရကို တရားဝင်မှု ပေးအပ်ရာရောက်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောပါတယ်။
လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ သရီဆာ လာဇာရိုကတော့ မြန်မာစစ်အာဏာရှင် ခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတွေမှာ ပြန်လည်ပါဝင်ခွင့်ပေးဖို့ “ဝေးကွာနေဆဲဖြစ်ကြောင်း” ပြီးခဲ့တဲ့လက ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူရွေးကောက်ခံအစိုးရကို အာဏာသိမ်းပြီး ဖြုတ်ချခဲ့ပြီးနောက် လူပေါင်း ၁၀၀,၀၀၀ နီးပါး သေဆုံးကာ သန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ သောင်းနဲ့ချီ ဖမ်းဆီးအကျဉ်းချခံနေရပါတယ်။
ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ အာဆီယံက မြန်မာစစ်အာဏာရှင် ခေါင်းဆောင်တွေကို ထိတွေ့ဆက်ဆံတာမလုပ်ဘဲ ဖယ်ကြဉ်ထားပြီး အဆင့်မြင့်နိုင်ငံရေး ထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
Source: Reuters










