DVB Logo
Home
Lead Story
နိုင်ပေမဲ့ မနိုင်သေးတဲ့ ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာ့အရေး
DVB
·
May 19, 2023
နိုင်ပေမဲ့ မနိုင်သေးတဲ့ ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာ့အရေး
Donate to DVB

ကျနော်တို့ဆီမှာတော့ အစိတ်သားလို့ခေါ်တယ်။ လူထုရွေးကောက်ခံလွှတ်တော်ထဲ ကျက်သရေမရှိ တဲ့ စစ်ယူနီဖောင်းတွေက မိုးကျရွှေကိုယ်တွေအဖြစ် အခန့်သားနေရာဝင်ယူခဲ့ကြတယ်။ အဲဒီ ၂၅ ရာ ခိုင်နှုန်းသော စစ်တပ်ကိုယ်စားလှယ်တွေက အစိုးရဖွဲ့ရာမှာလည်း မဲပေးခွင့်ရှိသလို လွှတ်တော်တွင်း ဘယ်လို အကြောင်းအရာမှာမဆိုဝင်ဆွေးနွေး မဲပေးခွင့်ရှိလေတော့ NLDအစိုးရလက်ထက် လွှတ်တော်မှာ မောက်မာရိုင်းစိုင်းခဲ့တာ အားလုံးရဲ့ မျက်မြင်ပါပဲ။

၂၅ ရာခိုင်နှုန်းဆိုတာ ဒုတိယအာဏာရှင်သန်းရွှေ ဖော်စပ်ထားတဲ့ စစ်တစ်ပိုင်းဒီမိုကရေစီရဲ့ တီထွင်ကြံဆချက်။ စစ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ ကြံ့ဖွတ်ပါတီက အစိုးရဖွဲ့စည်းနိုင်ရေးအတွက် တခြားပါတီတွေထက် ငုတ်တုပ်ထိုင်နေရင်းအချောင် ၂၅ ရာခိုင်နှုန်းအသာရရှိအောင် ပေးထားချက်ဖြစ်ပါတယ်။

အဲဒီလို ၂၅ ရာခိုင်နှုန်းအသာ၊ လူမျိုးဘာသာ ဝါဒဖြန့်မှိုင်းတိုက်ခြင်းအသာနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တာတောင် စစ်တပ်အခြေပြုပါတီ ကြံ့ဖွတ်က ခွက်ခွက်လန်ရှုံးခဲ့ပြီး NLDပါတီက တခြားအနိုင်ရပါတီတွေရဲ့ အနိုင်ရမဲမပါဘဲ လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်ခဲ့တယ်။ NLDပါတီက မဲခိုး၊ မဲလိမ်ပါတယ်လို့ စွပ်စွဲရအောင်ကလည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုတာ ကြံ့ဖွတ်အစိုးရခန့်၊ သမ္မတသိန်းစိန်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက် စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်နေလေတော့ ဘာမှမတတ်နိုင်ဘဲ ပြည်သူ့အာဏာ ပြည်သူ့ထံ ထိုးအပ်လိုက်ရတော့တယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ မြန်မာ့နိုင်ငံတွင်း ဒီမိုကရေစီရေးအပြောင်းအလဲကို ပြည်သူ့အားနဲ့ ဆောက်တွန်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။

အခု ၂၀၂၃ ခုနှစ်ထိုင်းရွေးကောက်ပွဲဆိုတာကလည်း ကျနော်တို့ရဲ့ ၂၀၁၅ ရွေးကောက်ပွဲလိုပဲ ဒီမိုကရေ စီရေးအပြောင်းအလဲကို လူထုအားနဲ့ တွန်းဖွင့်လိုက်ခြင်းပါပဲ။ ပြီးတော့ လက်ရှိ ထိုင်းနိုင်ငံ ဆိုတာက လည်း ၂၀၁၁-၂၀၂၁ခုနှစ် မြန်မာနိုင်ငံလို စစ်တစ်ပိုင်းဒီမိုကရေစီနိုင်ငံ။ စစ်တစ်ပိုင်းဒီမိုကရေစီကို ပုံမဖော်မီ နောက်ဆုံးအာဏာသိမ်းခဲ့တာကတော့ ၂၀၁၄ခုနှစ်၊ မေလ။ အခုဝန်ကြီးချုပ်လုပ်နေတဲ့ ပရာယွတ်ဆိုတာ အာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး။ ပရာယွတ်ဟာ  အာဏာသိမ်းပြီးနောက်မှာ အခြေခံဥပဒေကို စိတ်ကြိုက်ပြင်ကာ  ရွေးကောက်ပွဲ လမ်းကြောင်းကနေ တရားဝင် ဝန်ကြီးချုပ်ဖြစ်လာခဲ့တာကြောင့် မင်းအောင်လှိုင်ကလည်း အကြီးအကျယ်အားကျကာ မြန်မာပရာယွတ် ဖြစ်ချင်နေတာပါ။

ပရာယွတ်ဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေကို သန်းရွှေလိုပဲ စိတ် ကြိုက်ပြင်ခဲ့တယ်။ ကျနော်တို့ဆီက လွှတ်တော်ထဲအတည်ပေါက်ဝင်ထိုင်ခွင့်ရခဲ့တဲ့ အစိတ်သားလို ထိုင်းနိုင်ငံမှာလည်း အထက်လွှတ်တော်ဆိုပြီး အမတ်ပေါင်း ၂၅၀ ရှိတယ်။ အဲဒီအမတ် ၂၅၀ စလုံးဟာ နယ်ပယ်အသီးသီးက စစ်တပ်နဲ့ဆက်နွှယ်နေတဲ့လူပုဂ္ဂိုလ်တွေဖြစ်ပြီး လူထုရွေးချယ်ခံမဟုတ်ဘဲ လက်ရှိဝန် ကြီးချုပ်ပရာယွတ် ခေါင်းခေါက်ရွေးခန့်ထားတဲ့အမတ်တွေပဲဖြစ်ပါတယ်။ ပြီးတော့ အဲဒီအမတ်တွေက ဝန်ကြီးချုပ်ကို မဲပေးရွေးချယ်နိုင်တဲ့ အခွင့်အာဏာလည်းရှိကြတော့ ထိုင်းအစိတ်သားလို့ ဆိုနိုင်ပါတယ်။

မြန်မာစစ်တစ်ပိုင်းလွှတ်တော်မှာ ရွေးကောက်ခံစရာမလိုတဲ့ စစ်သားတွေ လေးပုံတစ်ပုံဝင်ရောက် နေရာယူထားခဲ့ပြီး ထိုင်းလွှတ်တော်မှာကျတော့ စစ်တပ်နဲ့ဆက်နွှယ်တဲ့အမတ် လေးပုံတစ်ပုံထက် များများ ဝင်ရောက်နေရာယူထားပါတယ်။ ပြောရရင် ပရာယွတ်ဟာ သန်းရွှေဖော်စပ်ထားတဲ့ စစ်တစ်ပိုင်းဒီမို ကရေစီကို နမူနာယူပြီး သူ့အာဏာတည်မြဲရေးအတွက် သန်းရွှေထက်တောင် မိုးကျရွှေကိုယ်အမတ်တွေ ပိုထိုးထည့်ထားပုံပါ။

ထိုင်းအောက်လွှတ်တော်ကျတော့ ပြည်သူရွေးချယ်ခံအမတ် ၅၀၀ နဲ့ ဖွဲ့စည်းထားပါတယ်။ ဝန်ကြီးချုပ်အသစ် ရွေးချယ်တာကျတော့ အောက်လွှတ်တော်နဲ့အထက်လွှတ်တော် ၂ ရပ်ပေါင်း ၇၅၀ က မဲပေးရွေးချယ်ရတာဖြစ်လို့ အနည်းဆုံး အမတ် ၃၇၆ ဦးရဲ့ ထောက်ခံမဲရမှသာ ဝန်ကြီးချုပ်ဖြစ်ပါမယ်။

အခုကျင်းပပြီးတဲ့ ၂၀၂၃ ခုနှစ်ထိုင်းရွေးကောက်ပွဲမှာ ရှေ့သို့ချီလာတဲ့ Move Forward Party (MFP-ရှေ့သို့ချီပါတီ)က အမတ် ၁၅၂ နေရာနဲ့ အများဆုံးအနိုင်ရရှိခဲ့ပါတယ်။ ရှေ့သို့ချီပါတီဆိုတာ ပါတီသက်တမ်း ၃နှစ်သားသာရှိသေးပြီး လူငယ်ပညာတတ်တွေ ဦးဆောင်တဲ့ ပါတီဖြစ်ပါတယ်။

ရှေ့သို့ချီပါတီရဲ့နောက် ဒုတိယအများဆုံးအနိုင်ရတာကတော့ အရင်ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ သမီးဦးဆောင်တဲ့ ဖွေ့ထိုင်းပါတီဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ်ပရာယွတ်ရဲ့ ယူနိုက်တက်ထိုင်းနေးရှင်းပါတီကတော့ ၃၆ နေရာသာအနိုင်ရရှိပြီး ခေါင်းမဖော်ဝံ့အောင် အရေးနိမ့်ခဲ့ပါတယ်။

ရှေ့သို့ချီပါတီဟာ အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့ပေမဲ့ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲချုပ်လို သောင်ပြိုကမ်းပြို အနိုင်ရခြင်းမျိုးမဟုတ်လေတော့ တစ်ပါတီတည်း အစိုးရမဖွဲ့နိုင်ပါဘူး။ မေ ၁၈ ရက် နေ့မနက် သတင်းအရ ရှေ့သို့ချီပါတီ အစိုးရသစ် ဖွဲ့စည်းနိုင်ရေးအတွက် အတိုက်အခံပါတီ ၇ ခုရဲ့ ပူးပေါင်းမှုရရှိထားပြီး  စုစုပေါင်းအမတ်နေရာ ၃၁၃ နေရာ ရရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းအထက်လွှတ်တော်အမတ် ၁၁ ဦးက ရှေ့သို့ချီပါတီ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေးအတွက် ထောက်ခံသွားမယ်လို့ အတိအလင်းပြောကြားထား တာကြောင့် အစိုးရဖွဲ့စည်းနိုင်ရေး အမတ် ၃၇၆ ဦးရဲ့မဲရရှိဖို့ နောက်ထပ် ၅၂ ဦးရဲ့ ထောက်ခံမဲလိုအပ် နေပါ သေးတယ်။

အထက်လွှတ်တော်အမတ် ၁၁ဦးက ရှေ့သို့ချီပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးကို ထောက်ခံသွားမယ်လို့ ပြောကြားချက်အရ ထိုင်းအထက်လွှတ်တော်အမတ် ၂၅၀ ဟာ  မြန်မာအစိတ်သားစစ်သားအမတ်တွေလိုတော့ မင်းအောင်လှိုင်အလိုအတိုင်း ခေါင်းညိတ်၊ ခေါင်းခါ လုပ်ရတဲ့ ခါးပိုက်ဆောင်အမတ်တွေတော့ မဟုတ်ပါဘူး။ ပြောရရင် ၂၅၀ သော ထိုင်းအထက်လွှတ် တော်အမတ်တွေကို ပရာယွတ်စိတ်တိုင်းကျ ရွေးချယ်ခဲ့ပေမဲ့ သူတို့အားလုံးဟာ မြန်မာ စစ်သားအမတ်တွေလို စုံလုံးမကန်းသလို  ဝန်ကြီးချုပ်ပရာယွတ်ကလည်း  တသွေးတသံတမိန့် လုပ်မရပါဘူး။ ဒါပေမဲ့ အပြောင်းအလဲတစ်ခုဆီ ရွပ်ရွပ်ချွံချီမယ့် မစ္စတာ ပီတလင်ဂျာရိုအန်ရတ်ကို အထက်လွှတ်တော်အမတ်အများစုက ထောက်ခံမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံရေး ကျွမ်းကျင် သူတချို့က မှတ်ချက်ပေးထားတာလည်း ရှိနေပါတယ်။

ဒါ့ကြောင့် ရှေ့သို့ချီပါတီအနေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေးအတွက်(လတ်တလော) နောက်ထပ်လိုအပ်နေတဲ့ ၅၂ မဲဟာ အရေးကြီးတဲ့ စိန်ခေါ်ချက်ဖြစ်နေပါတယ်။ ရှေ့သို့ချီပါတီခေါင်းဆောင် မစ္စတာ ပီတလင်ဂျာရိုအန်ရတ်က အထက်လွှတ်တော်အမတ်တွေနဲ့ ညှိနှိုင်းဖို့ ပါတီကိုယ်စားလှယ်တွေကို တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ မိုးကျရွှေကိုယ် အထက် လွှတ်တော်အမတ်တွေကိုရည်ညွှန်းပြီး ‘ပြည်သူတွေအပေါ်သစ္စာရှိပါ’ လို့လည်း မစ္စတာ ပီတလင်ဂျာရိုအန်ရတ်ကပြောကြားခဲ့ပါတယ်။ အထက်လွှတ်တော်အမတ်များစွာကလည်း ဘုရင်စနစ်ကို သစ္စာခံခြင်းဟာ နိုင်ငံတော်ကို သစ္စာခံခြင်းဖြစ်တယ်လို့ ဖွင့်ဆိုလိုပုံရပါတယ်။ 

၅၂ မဲကို ထပ်ရဖို့ဆိုရင် မစ္စတာ ပီတညွှန်းဆိုထားတဲ့ ကရင်သင်တိုင်းနိုင်ငံရေးလို ရိုးရှင်းမှုထက် နိုင်ငံ ရေးပရိယာယ်အားကောင်းစွာနဲ့ အလျှော့အတင်း အပေါ့အငန်စုံတဲ့ စေ့စပ်ညှိနှိုင်းနိုင်စွမ်းက  ပိုအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။

နောက်ထပ် ပြဿနာတစ်ရပ်က ထိုင်းရွေးကောက်ပွဲကော်မရှင်ဆိုတာ လက်ရှိဝန်ကြီးချုပ်ပရာယွတ် စိတ်ကြိုက်ခန့်အပ်ထားသူတွေ ဖြစ်နေခြင်းပါပဲ။ ဒါ့ကြောင့် ရှေ့သို့ချီပါတီက မဲလိမ်မဲခိုးပါတယ်ဆိုပြီး စွပ်စွဲလို့မရပေမဲ့ ဥပဒေဘောင်ထဲကနေပြီး အနိုင်ရပါတီကို ကလီကမာလုပ်လာနိုင်ပါတယ်။ အခုဆိုရင် ရှေ့သို့ချီပါတီခေါင်းဆောင်ကို လွှတ်တော်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး တိုင်ကြားလာပြီမို့ ဒီလိုအမှုအခင်းတွေနဲ့ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ မြန်မာစစ်အုပ်စုလို ဘယ်လောက်ထိ ချဲ့ကားကြဦးမလဲဆိုတာလည်း စောင့်ကြည့်ရပါမယ်။

ဝန်ကြီးချုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြွေးကြော်ခဲ့တဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရိုအန်ရတ်ကတော့ မေလ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး Burma Act ကိုအကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့  ပူးပေါင်းသွားမယ်လို့  ပြောကြားခဲ့သလို မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထာည်ဖော်နိုင်ဖို့ တွန်းအားပေးသွားမယ်လို့ လည်းဆိုပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုအထောက်အပံ့အတွက် စစ်ပွဲကင်းမဲ့ဇုန်တွေ ဖော်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

မစ္စတာ ပီတ လင်ဂျာရိုအန်ရတ်ရဲ့ မြန်မာ့အရေး ပြောကြားချက်ဟာ အားရစရာကောင်းပေမဲ့ အ ထက်မှာဖော်ပြခဲ့တဲ့စိန်ခေါ်ချက်တွေကို ကျော်လွှားနိုင်မလားဆိုတာ အခုအချိန်ထိ မရေရာသေးပါဘူး။ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ခဲ့ရင်တောင် စုစည်းညီညွတ်တဲ့ ညွန့်ပေါင်းအစိုးရတစ်ရပ်ဖြစ်ရေးနဲ့ ထိုင်းဒီမိုကရေစီကို ရှေ့တစ်လှမ်းထပ်တိုးဖို့ အချိန် တစ်ခုယူ ရဦးမှာသေချာသလို ထိုင်းရှေးရိုးစွဲတွေရဲ့ တုံ့ပြန်ချက်တွေနဲ့လည်းရင် ဆိုင်ရနိုင်ပါတယ်။

ဒါ့ကြောင့် မြန်မာ့အရေး ထိုင်းအစိုးရသစ်က ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မလဲဆိုတဲ့အပေါ် မျှော်လင့် ချက်မကြီးကြဖို့လိုပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရာယွတ်အစိုးရပြုတ်ကျပြီး ဒီမိုကရေစီအင်အားစုထဲက အစိုးရ သစ်တစ်ရပ်ရပ် ဖြစ်ထွန်းလာခြင်းဟာ မြန်မာစစ်အုပ်စုအတွက် အားထားစရာထောက်တိုင်တစ်ချောင်း ပြုတ်ထွက်သွားသလိုပါပဲ။

ထွန်းလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013