DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဒဏ်သင့် စစ်တွေဒေသခံများ သောက်သုံးရေအခက်ကြုံ၊ မောင်တောတွင် Atom ဆင်းမ်ကတ်များ အရောင်းသွက်
DVB
·
May 18, 2023
မုန်တိုင်းဒဏ်သင့် စစ်တွေဒေသခံများ သောက်သုံးရေအခက်ကြုံ၊ မောင်တောတွင် Atom ဆင်းမ်ကတ်များ အရောင်းသွက်
1 / 4
Donate to DVB

မိုခါမုန်တိုင်း ဝင်ရောက်သွားပြီးနောက် စစ်တွေမြို့မှာ လျှပ်စစ်မီးပြတ်နေတဲ့အတွက် စစ်တွေ ဒေသခံတွေ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေဒေသခံ အမျိုးသားတဦးက “လေမုန်တိုင်းမတိုင်မီ နှစ်ရက်ကတည်းက စစ်တွေမှာ သောက်သုံးရေ ပြတ်လပ်နေတာပါ။ ရေသန့်ရောင်းတဲ့ ဆိုင်တွေလည်းရှိတဲ့ ရေသန့်တွေကို မရောင်းကြတော့ ကျနော်တို့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ အတော်လေး ဒုက္ခရောက်ခဲ့ကြရပါတယ်။ မုန်တိုင်းတိုက်ပြီးနောက်ပိုင်းမှာလည်း ရေသန့်တဘူးရဖို့ အခုလို တန်းစီစောင့်နေရပါတယ်။ သောက်ရေက အဓိကပါ။ လျှပ်စစ်မီးပြတ်တာနဲ့ သုံးရေကအစ ရေတင်မရကြတောဘူး။ ရေသန့်စက်တွေလည်း မလည်ပတ်တော့ ရေသန့်က ပိုရှားသွားတာပေါ့” လို့ ပြောပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “သောက်ရေက လုံးဝရှာမရ ဖြစ်သွားတာပါ။ လျှပ်စစ်မီးမရသေးတော့ ရေတင်လို့ကလည်း မရဘူး။ တော်တော်လေးဒုက္ခရောက်ကြပါတယ်။ ရေကတွေ့ ရာရေကို သောက်မရပါ။ အခုအချိန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ကြမှာပါ” လို့ ပြောပါတယ်။

စစ်တွေမြို့မှာ သောက်ရေ လုံးဝပြတ်လပ်သွားတာကြောင့် စစ်ကောင်စီတပ် ရေသန့်စင်ကား ၂ စီးနဲ့ ဘောလုံးကွင်းရပ်ကွက်ရှိ အားကစားရုံရေတွင်းမှ ရေတင်ယူ သန့်စင်ပြီး  တိုက်ရိုက်ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်း​ကြောင့် စစ်တွေရှိ လျှပ်စစ်မီးတိုင် ၈၀ ရာခိုင်နှုန်း ပြိုလဲသွားတာကြောင့် စစ်တွေတမြို့နယ်လုံး လျှပ်စစ်မီးပြတ်နေတာလည်း ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တော ၂ မြို့နယ်မှာလည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်သွားခဲ့ရာက မောင်တောမြို့နယ် နေရာအချို့မှာ ၁၇ ရက်နေ့ ညနေက Atom ဆင်းမ်ကတ်တွေ ပြန်လည်အသုံးပြုလို့ရနေတာကြောင့် Atom ဆင်းမ်ကတ်တွေ အရောင်းသွက်နေတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာနေ လူငယ်တဦးက “Atom ဆင်းမ်ကတ်တခုပဲ ရတာ။ ၁,၅၀၀ နဲ့ ဝယ်လို့ရတဲ့ဆိုင် ရှိသလို ၁ သောင်းခွဲပေးဝယ်ရတဲ့ဆိုင်လည်း ရှိတယ်။ ဘူးသီးတောင်ဘက်ဆို ငါးသောင်းခွဲပေးရတဲ့ ဆိုင်တောင်ရှိတယ်။ ဘူးသီးတောင်ဘက်က တချို့ဆို နှစ်သောင်းခွဲနဲ့ လာရောင်းတာလည်းရှိတယ်” လို့ ပြောပါတယ်။

ခုချိန်မှာ Atom ဆင်းမ်ကတ် ဝယ်ထားနိုင်ရင်တောင် လျှပ်စစ်မီးမရတာကြောင့် ဆက်သွယ်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ တချို့ NGOs ရုံးတွေက ဝန်ထမ်းတွေတော့ ရုံးဝိုင်ဖိုင်တွေနဲ့ အသုံးပြုနိုင်ပေမဲ့ သာမန်အရပ်သားတွေအနေနဲ့တော့ ဖုန်းဆက်သွယ်ဖို့နဲ့ အင်တာနက်လိုင်း အသုံးပြုဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

“ကျနော်ကတော့ ၁,၅၀၀ နဲ့ရခဲ့တယ်။ တချို့က ဝယ်မရတော့ဘူးလည်း ပြောတယ်။ ကိုဇော်ဇော် ဆိုင်မှာတော့ ရှိဦးမယ်ထင်တယ်။ ကျနော့်သူငယ်ချင်းတော့ ခုပဲ နှစ်သောင်းခွဲပေးခဲ့ရတယ်။”

မိုခါဆိုင်ကလုန်း လွန်မြောက်ခဲ့ပေမဲ့ ခုချိန်ထိ နေရာကြိုးကြားမှာ Atom ဆင်းမ်ကတ်ကလွဲရင် ဘယ်အော်ပရေတာမှ အသုံးပြုလို့မရသေးသလို ဘင်္ဂလား ဆင်းမ်ကတ် အသုံးပြုနိုင်သူနဲ့ ဝိုင်ဖိုင်အသုံးပြုနိုင်သူတွေ တချို့တလေပဲ ရှိသေးတာမို့ မောင်တောမြို့မှာ Atom ဆင်းမ်ကတ်တွေ ရောင်းအားတက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013