
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက် စစ်ဆေးရေးဂိတ်မှာ ထိုင်းနိုင်ငံအတွင်း သတ်မှတ်ရက်ထက်ကျော်လွန်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၃ ဦးကို မေ ၁၇ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး နှိမ်နှင်းရေးဌာနခွဲမှ ရဲတပ်ဖွဲ့ဝင်တွေက မယ်ပရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃ ဦးမှာ အသက် ၄၆ နှစ်အရွယ် ရက်ပေါင်း ၃၂၈ ရက် နေထိုင်သူတဦး၊ အသက် ၃၅ နှစ်အရွယ် ရက်ပေါင်း ၄၁၂ ရက် နေထိုင်သူတဦးနဲ့ အသက် ၃၃ နှစ်အရွယ် ရက်ပေါင်း ၁,၁၄၃ ရက် နေထိုင်သူတဦးတို့ဖြစ်ပြီး သုံးဦးစလုံးမှာ အမျိုးသားတွေ ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးခံရသူ ၃ ဦးမှာ ခွင့်ပြုတဲ့ရက်ထက် ကျော်လွန်ပြီး နေထိုင်ခဲ့ကြောင်း ဝန်ခံထားပြီး မဲဆောက်ရဲစခန်းမှာ တရားစွဲဆိုထားတယ်လို့ ရေးသားထားပါတယ်။
မေ ၁၆ ရက်ကလည်း မဲဆောက်မြို့၊ မယ်ပရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်မှာပဲ အထောက်အထားမဲ့ မြန်မာနိုင်ငံသားသုံးဦးကို ဖမ်းဆီးရမိခဲ့သေးတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သိရပါတယ်။










