DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းလွန်ကာလ ကုန်ဈေးနှုန်း​ပြန်မကျသဖြင့် အခြေခံလူတန်းစားများ အခက်တွေ့
DVB
·
May 18, 2023
မုန်တိုင်းလွန်ကာလ ကုန်ဈေးနှုန်း​ပြန်မကျသဖြင့် အခြေခံလူတန်းစားများ အခက်တွေ့
Donate to DVB

ရန်ကုန်မြို့ရဲ့ နေရာတချို့မှာ မိုခါမုန်တိုင်း မတိုက်ခတ်ခင်က ထိုးတက်သွားတဲ့ ကုန်ဈေးနှုန်းတွေဟာ မုန်တိုင်းအပြီး ၂ ရက်ကျော်တဲ့အထိ ဆက်လက်မြင့်တက်နေပြီး ပြန်လည်ကျဆင်းမလာတဲ့အတွက် အခြေခံလူတန်းစားတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။ 

မုန်တိုင်းအဖျားခတ်မှာ ကြောက်ပြီး ငွေကြေးတတ်နိုင်သူတွေက စားသောက်ကုန်တွေ စုဆောင်းနေတဲ့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းတွေ ဈေးတက်သွားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်ကျဆင်းလာတာမျိုး မတွေ့ရဘဲ ဆက်လက်မြင့်တက်နေဆဲ ဖြစ်တယ်လို့ စမ်းချောင်းမြို့နယ်က အိမ်ထောင်ရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကုန်ဈေးနှုန်းနဲ့ ပတ်သက်ရင်တော့ မပြောချင်တော့ပါဘူးရှင်။ အတက်ပဲရှိတယ်၊ အကျဆိုတာ မကြားဖူးသေးဘူး။ မုန်တိုင်းမလာခင်ကလည်း ဈေးတက်တယ်၊ မုန်တိုင်းပြီးတော့လည်း ထပ်တက်တယ်။ ဈေးဖိုးဖယ်ရရင် အရမ်းစိတ်ညစ်ရတယ်။ အရင်ကထက်လည်း ပိုခက်ခဲလာတယ်။ အရင်က (မုန်တိုင်းမတိုင်ခင်) ဆို ငါးဆို တဆယ်သား ၈၀၀၊ အခု ၁,၅၀၀၊ ကြက်သား အရင်က ၈၀၀၊ အခု ၁,၂၀၀-၁,၅၀၀ တဆယ်သားစျေး၊ ဆန်တပြည် ၃,၀၀၀ တန်လောက်က အခု ၅,၀၀၀ ပဲ၊ ဆီတပိသာ ၃၅,၀၀၀၊ ကြက်သွန်ဖြူ ၁၀,၀၀၀ စျေး၊ ကြက်သွန်နီ ၃,၀၀၀ စျေး တသက်နဲ့တကိုယ် နှစ်ဆထက်မက တက်လာတာတွေ အခုမှ ကြုံဖူးတာပါပဲရှင်။”

ဒါတင်မကသေးပဲ လက်ရှိ ရန်ကုန်မြို့က နေရာတချို့မှာ စစ်ကောင်စီက ဘေးတွဲဆိုင်ကယ် တချို့ကို လိုက်လံဖမ်းဆီးတာမျိုးတွေ ပြုလုပ်ခဲ့တဲ့အတွက် YBS ကိုသာ အဓိကအသုံးပြုနေရပြီး ကားခတွေလည်း စပယ်ယာပါရင်ပါသလို၊ မပါရင်မပါသလို ပိုတောင်းတာမျိုးတွေ ရှိနေတယ်လို့ စက်ရုံဝန်ထမ်းတဦးက ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေ တက်ရတဲ့အထဲ အခုဆို YBS ပါ မစီးရဲသလောက်ပဲ အစ်ကိုရေ။ အရင်က ဘယ် YBS တက်စီးစီး ပုံးထဲ ၂၀၀ ထည့်ပြီးရင် ဂိတ်ဆုံးကို အေးအေးလူလူ စီးရတယ်။ လူပိုဆိုတာလည်း သိပ်မပါဘူး။ အခုဆို ကားထဲမှာ ငါးပိသိပ် သိပ်ပြီးလည်း စီးရသေးတယ်။ စပယ်ယာမပါရင် ဒရိုင်ဘာက ၃၀၀၊ တချို့ကား ၄၀၀၊ စပယ်ယာပါရင် ၅၀၀ ပဲ။ အ​ခြေခံစားသောက်ကုန်ဈေး တက်တာမပြောနဲ့၊ ရေပါ ဈေးတက်တယ်ဗျ။ အရင်က သောက်ရေသန့် တလီတာဘူး ၅၀၀၊ အခု ၇၀၀၊ ပန်းခြံလိုနေရာမျိုးတွေ ၁,၀၀၀၊ အဲဒီလောက်အထိဖြစ်နေပြီ။ တနေ့လုပ် တနေ့စားသမားတွေဆို တော်တော်ခက်ခဲကြတယ်။ ရပ်ကွက်ထဲက ငွေကြေးပြည့်စုံတဲ့သူတွေက နေ့ပြန်တိုးတွေပေးထားလို့ တော်သေးတယ် ပြောရမှာပဲဗျာ” လို့ လှိုင်သာယာမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

လတ်တလော ရန်ကုန်မြို့က မြို့နယ်တချို့မှာ ဈေးအဆမတန်တက်လာတာနဲ့ ပတ်သက်ပြီး ဒေသခံတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပေမဲ့ စစ်ကောင်စီလက်အောက်ခံ စားသောက်ကုန်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေအ​နေနဲ့ ဈေးနှုန်းသတ်မှတ်တာမျိုးတွေ၊ တစုံတရာ ဖြေရှင်းပေးတာမျိုးတွေ မတွေ့ရသေးတဲ့အပြင် လက်ရှိကာလ အမျိုးသမီးတွေအနေနဲ့လည်း လစဥ်သုံးပစ္စည်းတွေ ၅,၀၀၀ ကျပ်ခန့်အထိ ဈေးအလွန်မြင့်တက်နေတဲ့အတွက် အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013