DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားသည့် ရခိုင်ကနေအိမ်များ ပြန်ပြုပြင်ရန် အရေးပေါ် အကူအညီ လိုအပ်နေ
DVB
·
May 18, 2023
မုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားသည့် ရခိုင်ကနေအိမ်များ ပြန်ပြုပြင်ရန် အရေးပေါ် အကူအညီ လိုအပ်နေ
1 / 3
Donate to DVB

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ်အများစုမှာ လူနေအိမ် ၉၅ ရာခိုင်နှုန်းပျက်စီးသွားပြီး ပြန်လည်ပြုပြင်ဖို့ အိမ်ဆောက်ပစ္စည်း ဝယ်ယူရာမှာ ဈေးနှုန်း မြင့်တက်နေတဲ့အတွက် အခက်အခဲကြုံနေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာနေ အမျိုးသမီးတဦးက "ကျမတို့ဗျိုင်းဖြူရွာမှာ ရွာလုံးကျွတ် အိမ်တွေ ပြိုပျက်သွားတယ်။ အိမ်တွေပြန်မပြင်နိုင်တဲ့ မိသားစုတွေများတယ်။ ဘယ်အဖွဲ့အစည်းမှလည်းလာပြီး တာပေါ်လင်စတွေ ကူညီတာမရှိဘူး။ အခု စျေးက တာပေါ်လင် လာဝယ်တာ။ ယခင်က ၁၄ ပေ ၁၅ တချပ်ကို ၁၈၀၀၀ ပဲရှိတာ။ အခု ၃၅၀၀၀ နဲ့ ဝယ်လာခဲ့တယ်" လို့ ပြောပါတယ်။

စစ်တွေမြို့မှာ မိုခါမုန်တိုင်းကြောင်း တမြို့လုံးနီးပါး ပျက်စီးသွားခဲ့ရပြီး လက်ရှိအချိန်အထိ ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့မှုတွေကို သက်ဆိုင်ရာဌာနတွေနဲ့ INGO၊ NGO အဖွဲ့တွေကလည်း အကူအညီပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်တွေမြို့နေ ပြည်သူများအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ များစွာခက်ခဲနေပြီး အိမ်ဆောက်ပစ္စည်း ဈေးနှုန်းမြင့်တက်နေသလို သွပ်ပြားလည်း လိုသလောက်ဝယ်မရဘဲ တန်းစီစနစ်နဲ့ ဝယ်ယူနေကြရတယ်လို့ ဆိုပါတယ်။

ရသေ့တောင်ကနေ စစ်တွေမြို့မှာ အိမ်ဆောက်ပစ္စည်းလာဝယ်တဲ့ အမျိုးသားတဦးက "ကျနော်တို့ မစဲကမ်းမှာ အိမ်ခြေ ၃၀၀ လောက် ပျက်စီးသွားတယ်။ ကျနော့်အိမ်ဆို အားလုံးပြိုပျက်သွားတာ။ အိမ်ပြင်ဖို့အတွက် ရွှေတွေလာပေါင်နေရတာ။ အိမ်မိုးသွပ်ပြားတွေ ဝယ်မရသေးဘူး။ မနက်ဖြန်မှ ရမယ်လို့ပြောတယ်။ တညအိပ်ပြီး စောင့်ရမှာ၊ အိမ်ပြင်ဖို့က သိန်း ၅၀ လောက်လိုပါမယ်။ ဘယ်အဖွဲ့အစည်းမှ လာကူညီတာမရှိဘူး" လို့ ပြောပါတယ်။

အခြားမြို့နယ်တွေမှာလည်း ပျက်စီးသွားတဲ့ နေအိမ်တွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည် ပြင်ဆင်နေကြရပြီး စားနပ်ရိက္ခာ အကူအညီလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

မုန်တိုင်းဒဏ်သင် ရခိုင်ပြည်နယ်မှာ အိမ်မိုးသွပ်ဈေးနှန်းကလည်း ၁ ပေကို ၂၅၀၀ ကျပ်မှ ၅၀၀၀ အထိ မြင့်တက်နေပြီး ဝယ်ယူရာမှာလည်း ကြိုတင်စာရင်းပေးစနစ်နဲ့ ရောင်းချနေတာကြောင့် အခက်အခဲ ကြုံနေကြရတယ်လို့ အိမ်မိုးသွပ်ပြားလာဝယ်သူ အမျိုးသမီးတဦးက ပြောပါတယ်။ 

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမှာ လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ဆောက်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း မိုခါဆိုင်ကလုန်းမုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တာကြောင့် လျှပ်စစ်ဓာတ်မီးတိုင်တွေ၊ ထရန်စဖော်မာတွေ ပြိုလဲကျိုးပျက်ခဲ့ပြီး လျှပ်စစ်မီးမရတာကြောင့် ပြည်သူတွေ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

မုန်တိုင်းကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်သွားတော့ ဖုန်းတလုံးအားသွင်းရင် ၄၀၀ ကျပ်ကနေ ၁,၀၀၀ ကျပ်အထိပေးပြီး အားသွင်းကြရကာ မီးလုံးတလုံးကို ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ ပေးပြီး အားသွင်းနေရတယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီးမရတော့ ရေလည်း တင်လို့မရတော့တာကြောင့် ဟွန်ဒါစက်ပိုင်တဲ့သူတွေက တွန်းလှည်းတွေနဲ့ ရေတင်မယ့်သူတွေကို တနာရီ ၁၀,၀၀၀ ကျပ်နဲ့ တင်ပေးနေပေမဲ့ ရေတစည်ကို ၂,၀၀၀ ကျပ်လောက် ကုန်ကျတာကြောင့် မုန်တိုင်းဒဏ်သင့်ထားလို့ ဝင်ငွေမရှိတဲ့အတွက် တော်တော်ဒုက္ခရောက်ရတယ်လို့ အလယ်ချောင်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“အောက်တိန်းတလီတာကို ၃,၀၀၀ ကျော်လောက်သာကုန်ကျပြီး တလီတာကို ၁ နာရီလောက် မောင်းလို့ရတယ်။ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ဝိသမလောဘနဲ့ ခေတ်ပျက်စီးပွားရှာတဲ့ သူတွေကတော့ တော်တော်ကြောက်စရာကောင်းတယ်။ မုန်တိုင်းဒဏ်သင့် ပြည်သူတွေအနေနဲ့ ကိုယ်ပိုင်မီးစက်ဝယ်ဖို့ အဆင်မပြေတာကြောင့် အခကြေးငွေနဲ့ပဲ ရေတင်တာတွေ၊ ဖုန်းအားသွင်းတာတွေ လုပ်ဆောင်နေကြရတယ်။”

သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လျှပ်စစ်မီး အမြန်ဆုံးရရှိအောင်နဲ့ ဆက်သွယ်ရေး အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုချင်တယ်လို့ ပြောပါတယ်။

မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်၊ မိုးကာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013