Home
ဆောင်းပါး
အာဏာရူးရောဂါနှင့် မြန်မာ့လူ့အဖွဲ့အစည်း 
မောင်သာမည
·
May 18, 2023

အာဏာရူးခြင်းသည် အာဏာ၏ သဘာဝကို အမှန်အတိုင်း မသိမြင်ရာမှ အစပြုပါသည်။ အာဏာကို အမှန်အတိုင်းမမြင်သည့်အခါ စည်းစိမ်ချမ်းသာရအောင်လုပ်သည့်အရာအဖြစ် တလွဲသုံးရင်း အာဏာရူးဘဝသို့ ကျရောက်ကြရသည်။ “ အာဏာသည်  ဖျက်ဆီးတတ်သည်။ အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့ဖျက်ဆီးတတ်သည်” ဟူသော စကားမှာ အာဏာရူးရောဂါကို ရည်ညွှန်းခြင်းဖြစ်သည်။ အာဏာရူးရောဂါ၏ ဖျက်ဆီးမှုပမာဏ မည်မျှကြီးမားသည်ကို သိလိုပါက မြန်မာနိုင်ငံကို ကြည့်ပါဟု ဆိုရလိမ့်မည်။

နိုင်ငံ့အာဏာဆိုသည်မှာ နိုင်ငံနှင့်နိုင်ငံသားတို့၏  လွတ်လပ်ငြိမ်းချမ်း‌မှုအတွက် အသုံးချရသည့် လုပ်ပိုင်ခွင့် ဖြစ်ပါသည်။  ယင်းအာဏာသည် မိုးပေါ်က ကျလာသောအရာမဟုတ်။ ဖန်ဆင်းရှင်က ပေးသောအရာမဟုတ်။ မမွေးခင်က လုပ်ခဲ့သည်ဆိုသော ကောင်းမှုမကောင်းမှုတို့၏ အကျိုးဆက်အဖြစ် ရရှိသောအရာမဟုတ်။ နိုင်ငံသားတို့၏လွတ်လပ်ငြိမ်းချမ်းမှုကို စွမ်းဆောင်ရန်အတွက် နိုင်ငံသားတို့က ပေးအပ်ထားသော အရာသာဖြစ်သည်။ တနည်းဆိုရသော် နိုင်ငံ၏အာဏာဟူသည် နိုင်ငံသားတို့ ပိုင်သော အရာဖြစ်သည်။

ရည်ရွယ်ချက်မှန်မှန်ဖြင့် အသုံးချသရွေ့ လူ့အဖွဲ့အစည်းသည် အာဏာကြောင့် ထိခိုက်နစ်နာခြင်း မရှိ။  အာဏာကို အလွဲသုံးစားပြုသည့်အခါတွင်မူ လူ့အဖွဲ့အစည်းသည် အနည်းနှင့်အများ ထိခိုက်နစ်နာ ရသည်။ လူ့သမိုင်းတွင် ပေါ်ထွန်းခဲ့သော ကျေးကျွန်စနစ်၊ သက်ဦးဆံပိုင်ရှင်ဘုရင်စနစ်၊ စစ်အာဏာရှင် စနစ် စသည်တို့မှာ  အာဏာကိုအလွဲသုံးစားလုပ်သည့်စနစ်များဖြစ်၍ ယင်းစနစ်ကြီးစိုးရာ နိုင်ငံများ သည် (လက်ရှိမြန်မာနိုင်ငံကဲ့သို့) ဒုစရိုက်မျိုးစုံကျူးလွန်နိုင်သော ပဋိပက္ခနယ်ပယ်များ ဖြစ်နေကြသည်။

မြန်မာ့သမိုင်းကို ကြည့်လျှင် အာဏာကိုလုယူပြီး အလွဲသုံးစားလုပ်သော အာဏာရှင်များကိုသာ တွေ့ရလိမ့်မည်။ အာဏာရူးရောဂါစွဲကပ်နေကြသော ဘုရင်များနှင့် စစ်ခေါင်းဆောင်များသည် အာဏာရူးရောဂါကြောင့် ဦးနှောက်ပျက်ကာ မြန်မာ့လူ့အဖွဲ့အစည်းကို အမျိုးမျိုးဒုက္ခပေးနေခဲ့သည်မှာ နှစ်ပေါင်း ထောင်နှင့်ချီခဲ့ပါပြီ။

အာဏာရူးခြင်းသည် လူတွင်စွဲကပ်သော  လူမှုအပြုအမူဆိုင်ရာ ရောဂါတမျိုးဖြစ်သည်။ ဘာသာ ရေးစကားဖြင့်ပြောရလျှင်ကမ္မဇရောဂါ ( ကံကြောင့်ဖြစ်သော ရောဂါ) ဖြစ်သည်။  ကံကြောင့်ဖြစ်သော အာဏာရူး ရောဂါ၏ အစနိဒါန်းမှာ စည်းစိမ်ချမ်းသာ သြဇာအာဏာတို့တွင် သာယာယစ်မူးခြင်းဖြစ် သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် စည်းစိမ်ချမ်းသာ သြဇာအာဏာကို ဦးညွတ်မှုသည်အတိုင်းထက်  အလွန်ဖြစ်သည်။ စည်းစိမ်ချမ်းသာ သြဇာအာဏာရှိသူတို့ကို အားကျခြင်းသည်လည်း လွန်ကဲလွန်း လှသည်။ ကလေးသူငယ်အရွယ်ကတည်းက စည်းစိမ်ချမ်းသာ သြဇာအာဏာရရေးတွင် အာရုံစိုက် အောင် အမိအဖဆရာသမားများအစ၊ ဘုန်းကြီးရဟန်းစသော ဘာသာရေးခေါင်းဆောင်များအဆုံး  အားပေးအားမြှောက် လုပ်နေကြသည်။

တရားဥပဒေကို ချိုးဖျက်သည်အထိ ဆိုးရွားသည်ကိုပင် ဘာမှ အပြစ်မတင်အရေးမယူဘဲ “သေပြီးနောင်ဘဝကျရင် ငရဲကျမှာပါ”ဆိုသော ဖြေသိမ့်မှုမျိုးဖြင့် ကြိတ်မှိတ်ငုံ့ခံနေတတ်သူသာ များသည်။ ဥပဒေ၏အထက်တွင် နေခွင့်ရပြီး လုပ်ချင်ရာလုပ်နေကြသော ဥစ္စာရူးကရိုနီများနှင့် အာဏာရူးစစ်ခေါင်းဆောင်တို့အတွက် မြန်မာနိုင်ငံသည် ပုံပြင်ထဲက နတ်ပြည် ခြောက်ထပ်ထက် ပို၍နှစ်လိုဖွယ်ကောင်းသော ဘေးမဲ့အရပ်ဖြစ်နေသည်။

ထိုကြောင့်လည်း လူတိုင်းပင် စည်းစိမ်ချမ်းသာ သြဇာအာဏာနောက်သို့ တကောက်ကောက် လိုက်နေကြသည်။ စည်းစိမ်ချမ်းသာသြဇာအာဏာကို တပ်မက်လွန်းသဖြင့် ယခုဘဝတွင် ပြုသော အလှူဒါနတို့အတွက် သေပြီး နောင်ဘဝတွင် လူမင်းစည်းစိမ် နတ်မင်းစည်းစိမ်တို့ကို ရရှိလိုကြောင်းပင်ဆုတောင်းနေကြသည်။ အလှူခံပုဂ္ဂိုလ်တို့ကလည်း သေပြီးနောင်ဘဝအဆက်ဆက် အဆိုပါ စည်းစိမ် ချမ်းသာ သြဇာအာဏာများနှင့် ပြည့်စုံပါစေဟု အဆင်ခြင်မဲ့ ဆုပေးနေကြသည်။  လူမင်းစည်းစိမ် နတ်မင်းစည်းစိမ်တို့သည် အာဏာရှင် စနစ်တွင်သာ ရနိုင်သောအရာများဖြစ်ကြောင်းကိုပင် မတွက်ဆ မိကြ။

မိမိတို့ ဦးထိပ်ထားသောဗုဒ္ဓဘုရားသည် ယင်းစည်းစိမ်ချမ်းသာ သြဇာအာဏာနောက်သို့ မလိုက်ရန် တားမြစ်ထားခဲ့သည်ကိုလည်း ဂရုမစိုက်ကြ။ ဘုရားဖြစ်ပြီးနောက် ပထမဆုံးဟောကြားသော ဓမ္မစကြာတရားတွင် စည်းစိမ်ချမ်းသာ သြဇာအာဏာစသည်များနောက်သို့ လိုက်သည့်လမ်းကို ရှောင်ကြဉ်ပါဟု တိတိကျကျတားမြစ်ခဲ့သည်။ ထိုလမ်းသည် အောက်တန်း ကျသောလမ်း၊ ရိုင်းစိုင်း သောလမ်း၊  အကျိုးယုတ်သောလမ်း၊ စသည်ဖြင့် သေသေချာချာလည်း ရှင်းပြခဲ့သည်။ ယင်းဓမ္မစကြာ တရားကို နေ့စဉ်မပြတ် ကျယ်လောင်စွာရွတ်ဖတ်နေသော ဗုဒ္ဓဘာသာဝင်ဆိုသူများသည် ယင်းဓမ္မစကြာ တရားတွင် ဟောထားသော အမှားလမ်းကြီးနောက်ကို  တပျော်တပါး လိုက်နေကြသည်မှာ အံ့သြစရာ ကောင်းလှသည်။

ဗုဒ္ဓဘာသာဝင်အများစုမှာ မိရိုးဖလာဗုဒ္ဓဘာသာဝင်များဖြစ်၍ ဗုဒ္ဓဘုရား၏ တရားကို လက်တွေ့ အသုံးချစရာဟု မသိဘဲ ရွတ်ဖတ်ခြင်းတွင် လမ်းဆုံးနေသူများဖြစ်သည်။ ရွတ်ဖတ်လျှင်လည်း ကုသိုလ်ရသည်ပင် မဟုတ်လားဟု တုံ့ပြန်တတ်ကြသည်။ ဆေးဖော်စပ်အသုံးပြုနည်းကို ရွတ်ဖတ် နေရုံနှင့် ရောဂါ မပျောက်ကင်းနိုင်သည်ကို  သိဖို့အတွက်ပင် ခက်ခဲနေကြသည်။

စည်းစိမ်ချမ်းသာ သြဇာအာဏာနောက်သို့ ဦးတည်သောလမ်းကို လူရိုင်းလူယုတ်များ၏လမ်းဟု  ဆိုထားပါလျက်ယင်းလမ်းမှားကြီးအတိုင်း တစိုက်မတ်မတ် လျှောက်လှမ်းနေကြလေရာ အကျိုးဆက် အဖြစ် အာဏာရူးစစ်ခေါင်းဆောင်များကဲ့သို့ ရိုင်းစိုင်းယုတ်ညံ့သူများ ပေါ်ပေါက်လာသည်မှာ မထူးဆန်း လှပေ။

အာဏာရူးခြင်းသည် အာဏာရှင်ဘဝကို အားကျရာမှ အစပြုသည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းထောင်နှင့်ချီ၍ ကျရောက်ခဲ့သဖြင့် အာဏာရှင်ကို အထင်ကြီးပြီး အားကျတတ်ကြသည်။ အာဏာရှင်ဖြစ်ချင်သကဲ့သို့ အာဏာရှင်ဆန်သော အပြုအမူဓလေ့ စရိုက်များကိုလည်း အမြတ်တနိုးကျင့်သုံးတတ်ကြသည်။ လူမင်းစည်းစိမ် နတ်မင်းစည်းစိမ်ကို ရပါလိုကြောင်း ဆုတောင်းနေကြသည်မှာ ခိုင်မာသော သက်သေဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းတွင် အာဏာရှင် ဖြစ်အောင် အားထုတ်မှုများကို နေရာတကာတွေ့နေရသည်။ နေအိမ်များနှင့် စာသင်ကျောင်းမှာလည်း တွေ့ရသည်။ ဘုန်းကြီးကျောင်းများနှင့် တရားစခန်းများမှာလည်း တွေ့နေရသည်။ ရုံးဌာန အသီးသီးမှာလည်း တွေ့ရသည်။ အမိန့်နာခံမှုဖြင့် သက်ဝင်လှုပ်ရှားနေရသည့် စစ်တပ်အတွင်းမှာမူ အဆိုးဆုံး။ ထိုကြောင့်ပင် အာဏာရူးစစ်ခေါင်းဆောင်များ တယောက်ပြီး တယောက် မပြတ် တရစပ် ထွက်ပေါ်နေသည်။

ရှေးခေတ်က မြန်မာရှင်ဘုရင်များတွင် အာဏာရူးရောဂါစွဲကပ်ခဲ့ခြင်းကြောင့် မြန်မာ့လူ့အဖွဲ့အစည်း သည် အကြိမ်ကြိမ်ဆုတ်ယုတ်ပျက်စီးခဲ့ရသည်။ ညီအစ်ကိုချင်းသတ်ဖြတ်ပြီး အာဏာလုခဲ့ကြသည့် ရှင်ဘုရင်တို့သည် သူ့တို့ကိုယ်သူတို့ ရေမြေ့သခင်ဖြစ်ကြောင်း၊ သဘာဝသယံဇာတအားလုံးကို ပိုင်ဆိုင် သူဖြစ်ကြောင်း၊ တိုင်းသူပြည်သားတို့၏ အသက်ကိုပိုင်သူ (သက်ဦးဆံပိုင်) ဖြစ်ကြောင်း အရှက်ကင်းမဲ့ စွာ ကြေညာခဲ့ကြသည်။ အာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူထားပြီး ဓားမိုး၍ အုပ်ချုပ်နေသူများက  ဗုဒ္ဓဘုရား၏ သာသနာကို ပြုစုစောင့်ရှောက်သည့် သာသနာပြု မင်းကောင်းမင်းမြတ်ဟူသော ဘွဲ့ထူး ကိုလည်း ရယူခဲ့ကြသည်။ မိဖုရားပေါင်းသောင်း ခြောက်ထောင်နှင့် ကာမသုခကို လွန်လွန် ကျူးကျူး ခံစားနေသူများသည် ထိုဘွဲ့ထူးနှင့် ထိုက်တန်ပါရဲ့လားဟု စောကြောစရာရှိသည်။

ထိုထိုသော သာသနာပြု မင်းကောင်းမင်းမြတ်ဆိုသူများကြောင့်ပင်  မြန်မာနိုင်ငံသည် ပျက်သုဉ်းနိုင်ငံ ( Failed State ) အကြိမ်ကြိမ်ဖြစ်ခဲ့ရသည်။  ညီအစ်ကိုအချင်းချင်း ထောင်ချသတ်ဖြတ်သည့်နည်း ဖြင့် အာဏာလုယူခဲ့သော ရှင်ဘုရင်များလက်ထက်တွင်ပင် ကိုလိုနီလက်အောက်သို့ မြန်မာနိုင်ငံ ကျ ရောက်ခဲ့ရခြင်းသည် အာဏာရူးခြင်းကြောင့် လူ့အဖွဲ့အစည်းတခုလုံးအထိ ဆိုးကျိုးသက်ရောက်ရပုံ အတွက် အခိုင်မာဆုံး သက်သေဖြစ်သည်။

ကိုလိုနီအုပ်ချုပ်ရေးမှ လွတ်မြောက်တော့မည့်အချိန်တွင် နိုင်ငံရေးသဘာဝအရ အာဏာလေဟာနယ် ( Power Vacuum) တခု ဖြစ်ထွန်းလာသည်။ ထိုလေဟာနယ်အတွင်းသို့ ဝင်ရောက်လာသူများတွင် အာဏာရူးများလည်း ပါဝင်ခဲ့သည်ရာ အာဏာရူးတယောက်၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းပင် အလုပ်ကြံခံခဲ့ရသည်။ နောက်ဆုံးတော့ မြန်မာနိုင်ငံသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း၏ လုယူ သိမ်းပိုက်ခြင်းကို ခံလိုက်ရတော့သည်။  ကိုယ်ကျိုးစီးပွားရရှိရေးအတွက်သာ အာဏာကိုအသုံးချတတ်သော ဗိုလ်ချုပ်နေဝင်းသည်  မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်သို့ ကျရောက်ခဲ့အောင် စွမ်းဆောင်ခဲ့သည်။  မခံရပ်နိုင်သော ပြည်သူလူထုက လမ်းပေါ်ထွက်ပြီးဆန္ဒပြသည့်အခါ အာဏာရူးတို့၏ ထုံးစံအတိုင်း “စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ် မိုးပေါ်ထောင်မပစ်ဘူး” ဟုပင် ခြိမ်းခြောက်လိုက်သေးသည်။ 

လောင်းကစားသမားအဖြစ်လည်းကောင်း၊ မိန်းမလိုက်စားသူအဖြစ်လည်းကောင်း၊ အာဏာလုယူသူ အဖြစ်လည်းကောင်း ထင်ရှားသည့် ဗိုလ်ချုပ်နေဝင်းသည် မြန်မာ့တပ်မတော်အတွင်း၌ အာဏာရူး ရောဂါကို စတင်ကူးစက်ပြန့်ပွားစေခဲ့သူ ဖြစ်သည်။ သူမှ တဆင့် စစ်ခေါင်းဆောင်အဆက်ဆက်ကို ရောဂါကူး စက်စေခဲ့သလို စစ်ခေါင်းဆောင်များကလည်း အမိန့်ကိုနာခံသည့် စစ်သားတို့အား ထပ်မံကူး စက်စေခဲ့သည်။ ယခုအချိန်တွင် စစ်သားအားလုံးလိုလို  အာဏာရူးရောဂါကို အနည်းနှင့်အများ ခံစား နေရသည်။

အာဏာရူးရောဂါစွဲကပ်ပုံအကြောင်းကို ကြောင်းကျိုးဆက်နိယာမဖြင့် ပြပါမည်။ ဆိုခဲ့သည့် အတိုင်း မြန်မာ့လူ့အဖွဲ့အစည်းတွင် စည်းစိမ်ချမ်းသာသြဇာအာဏာရရှိရေးကို အားပေးအားမြှောက် လုပ်သည့် ဓလေ့ထွန်းကားပါသည်။ ယင်းဓလေ့အတွင်း မွေးဖွားကြီးပြင်းလာရသူသည် စည်းစိမ်ချမ်းသာ ပြည့်စုံသော အာဏာရှင်ကို အားကျပါသည်။ အားကျစိတ်က အာဏာရအောင် အားထုတ်မှုကို ဖြစ်စေသည်။  အာဏာရအောင်ကြိုးစားပုံကို အတုခိုးပါသည်။ စစ်တပ်ထဲကို ဝင်ပြီး စစ်အာဏာရှင်နှင့် နီးစပ်အောင်လုပ်ကာ တပည့်မွေးခံရအောင် ကြိုးစားခြင်းမျိုးက အလွယ်ဆုံး။ 

အတုခိုးအားထုတ်မှုကြောင့် အာဏာရှင်ဇာတ်ထဲ ဝင်ရောက်သွားသည်။ ကိုယ်ကိုယ်ကိုယ် ဇာတ်သွင်း လိုက်ခြင်းပင်ဖြစ်သည်။ သို့ဖြင့်အာဏာရှင်၏ အစွမ်းသတ္တိများ ဝင်လာသည်။ အာဏာရှင် စိတ်များနှင့် အာဏာရှင်ရုပ်များ ပြောင်းလဲဖြစ်ထွန်းလာသည်။ စိတ်ပညာရှင်များပြောသော အတု အယောင်အတ္တ (Fake Self) တခု မွေးဖွားလာခြင်းဖြစ်ပါသည်။ အာဏာရှင်အတ္တဟူသော အတုအယောင် အတ္တသည် မိမိခန္ဓာကိုယ်အတွင်းစိမ့်ဝင်နေသဖြင့် မိမိ၏ အစစ်အမှန်အတ္တ ( Genuine Self) နှင့် ခွဲခြား နိုင်ဖို့ ခက်သည်။ အတုအယောင်အတ္တသည် မိမိသဘောကျ၍ အားထုတ်ရာမှ မွေးဖွားလာသောအရာ ဖြစ်သဖြင့် ယင်းအတ္တအပေါ် စွဲလန်းငြိကပ်မှုလည်း တဆက်တည်းဖြစ်ပါသည်။ စွဲလန်းမှုကြောင့်ပင် ယင်းအတ္တမျိုး ထပ်တလဲလဲမွေးဖွားလာအောင် အားထုတ်ရပြန်သည်။ အားထုတ်မှုကြောင့် အတ္တအတု ဖြစ်ထွန်း၊  အတ္တအတုကြောင့် စွဲလန်းမှုဖြစ်ထွန်း၊ စွဲလန်းမှုကြောင့် အားထုတ်မှုဖြစ်ထွန်း စသည်ဖြင့် ကြောင်းကျိုးဆက်ပြီး သံသရာလည်နေသည်။ အာဏာရှင်အတ္တကို စွဲလန်းသဖြင့် ယင်းအတ္တ အကြိမ် ကြိမ် ဖြစ်ထွန်းနေအောင် အားထုတ်ရသည့်အခါ လူသတ်ဖို့လိုလျှင် သတ်သည်။ လိမ်ညာဖို့လိုလျှင် လိမ်ညာသည်။ လုယူဖို့လိုလျှင် လုယူသည်။ ယင်းမှာ အာဏာရူးရောဂါ၏ ထင်ရှားသောလက္ခဏာများ ဖြစ်သည်။

သို့ဖြင့် အာဏာရူးရောဂါစွဲကပ်သူသည် မည်မျှဆိုးရွားသည်ဖြစ်စေ သူမကျူးလွန်ရဲသော ဒုစရိုက်မှု မရှိ။လူ့အဖွဲ့အစည်းတခုလုံးသာမက ကမ္ဘာကြီးတခုလုံးကိုပင် လောင်မီးကျအောင် လုပ်ဝံ့သူဖြစ်သည်။  အာဏာရူးရောဂါကြောင့် ဦးနှောက်ပျက်စီးပြီး အမှားချည်းသာ ထပ်တလဲလဲ ကျူးလွန်နေတော့သည်။ ထိုသူမျိုးကို ဗုဒ္ဓဘာသာတွင် လူ့တိရစ္ဆာန်ဟု သတ်မှတ်ပါသည်။

အာဏာရူးရောဂါတွင်  စိတ်ရောဂါများစွာ ပါဝင်နေသည်။ အပြုအမူဆိုင်ရာစိတ်ရောဂါများ၊ စွဲလန်းခြင်းဆိုင်ရာ စိတ်ရောဂါများ၊ လှည့်စားချောက်ချားခြင်းဆိုင်ရာ စိတ်ရောဂါများသည် အာဏာရူး ရောဂါတွင် ပါဝင်သော စိတ်ရောဂါများပင် ဖြစ်သည်။ ထိုရောဂါများအနက် အတ္တစွဲ လွန်ကျူးမှုစိတ် ရောဂါ ( Narcissistic - Sociopathic ) တခုကို ကြည့်လျှင်ပင် အာဏာရူးခြင်း၏ ဆိုးရွားပုံကို သိနိုင်သည်။

အတ္တစွဲလွန်ကျူးမှုစိတ်ရောဂါ၏ လက္ခဏာတချို့မှာ လက်တွေ့အမှန်တရားကို ပုံဖျက်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်ကြီးကျယ်မြင့်မြတ်သူအဖြစ် ထင်ခြင်း၊ သူတပါးကို အာဏာဖြင့် ထိန်းချုပ်ခြင်း၊ သူတပါးကို လှည့်စား၍ အမြတ်ထုတ်ခြင်း၊ကိုယ်ကျင့်တရားကို တန်ဖိုးမထားဘဲ ဖောက်ဖျက်ခြင်း၊ သူ့အား ခြိမ်းခြောက်လာသူကို  အကြမ်းဖက်တုံ့ပြန်ခြင်း စသည်များ ဖြစ်သည်။ 

ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မင်းအောင်လှိုင်  စသည့်  အာဏာလုစစ်ခေါင်းဆောင်များတွင် အဆိုပါလက္ခဏာများကို အထင်အရှားတွေ့နေရသဖြင့်  အာဏာရူးရောဂါရှင်များဟု သတ်မှတ်ပါက မမှားပါ။        စစ်ခေါင်းဆောင်တို့တွင် စတင်ကပ်ရောက်ခဲ့သော အာဏာရူးရောဂါသည် မြန်မာ့တပ်မတော်အတွင်း၌  အကြီးအကျယ် ကူးစက်ပြန့်ပွားနေသည်။ ဆန့်ကျင်သူမှန်သမျှကို  ရက်ရက်စက်စက် သုတ်သင်နေခြင်း၊ အရပ်သားမြို့ရွာများကို လေယာဉ်ဖြင့် ဗုန်းကြဲတိုက်ခိုက်ခြင်း၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဆန့်ကျင်သူတို့ကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ စသည့် ကျူးလွန်မှုများကို ထောက်ဆ၍ ရောဂါကူးစက်နေခြင်းကို သိနိုင်ပါသည်။ ထို့ပြင် အာဏာရူးရောဂါသည် စစ်သားများကိုသာမက အရပ်သားများကိုပါ ကူးစက်နေလေပြီ။ အနုပညာနယ်ပယ်နှင့် ဘာသာရေးနယ်ပယ်တွင် ရောဂါကူးစက်သည့် လက္ခဏာများကို တွေ့နေရသည်။ အာဏာရူးရောဂါကပ်ဆိုးသည် အဆိုးဆုံးအဆင့်သို့ ရောက်နေလေပြီ။

အာဏာရူးရောဂါကြောင့် မြန်မာနိုင်ငံသည် လူမနေအပ်သောအရပ် (ပစ္စန္တရစ်) အဖြစ် ပြောင်းလဲ နေပါသည်။ ဒုစရိုက်မှုတို့ကို ပြောင်ပြောင်တင်းတင်းကျူးလွန်နိုင်သော ဥပဒေမဲ့နိုင်ငံ ဖြစ်နေပါသည်။   နိုင်ငံနှင့်နိုင်ငံသားတို့အား ကာကွယ်စောင့်ရှောက်ရန်ဖွဲ့စည်းထားသော တပ်မတော်ကြီးသည် အာဏာရူးရောဂါစွဲကပ်သဖြင့် နိုင်ငံနှင့် နိုင်ငံသားတို့ကို နှိပ်စက်သတ်ဖြတ်သည့် လူတိရစ္ဆာန်အုပ်စုကြီး ဖြစ်နေပါပြီ။ လက်ရှိရောဂါကူးစက်နှုန်းအတိုင်းဆိုလျှင် အာဏာရူးတို့ကြောင့် အလူးအလဲဖြစ်နေသော မြန်မာနိုင်ငံသည် ဆယ်စုနှစ်တခုအတွင်း မြောက်ကိုရီးယားနိုင်ငံလို အာဏာရူးအုပ်စိုးသော စစ်တပ်နိုင်ငံအဖြစ်သို့ ဘဝပြောင်းသွားပါလိမ့်မည်။ ထိုကြောင့် မြန်မာနိုင်ငံကို အာဏာရူးရောဂါမှ ကင်းရှင်းအောင် အလျင်အမြန် ကုစားဖို့ လိုနေလေပြီ။  အာဏာရူးတို့ကို အရေး တကြီး ဖယ်ရှားသုတ်သင်ဖို့ လိုနေလေပြီ။ အာဏာရူးရောဂါသည် အဆိုးဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်သောကြောင့် ထိုရောဂါကို တိုက်ဖျက်ရန်အတွက် နွေဦးတော်လှန်ရေးသည်သာ အထက်မြက်ဆုံး ဆေးစွမ်းကောင်းဟု ဆိုရပါ လိမ့်မည်။          ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024