DVB Logo
Home
မြန်မာသတင်း
မိုးကောင်းတွင် ချောင်းရေကြီးပြီး  ပြည်သူများ ရေဘေးသင့်
DVB
·
June 20, 2026
မိုးကောင်းတွင် ချောင်းရေကြီးပြီး  ပြည်သူများ ရေဘေးသင့်
1 / 3
မိုးကောင်းမြို့နယ်၌ မိုးသည်းထန်ရေကြီး၊  (Photo: ရင်ငြိမ်းပန်းပရဟိတကွန်ရက်)
Donate to DVB

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဇွန် ၁၈ ရက်ကစလို့ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် နန့်ယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေတွေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ မြို့ပေါ် ရပ်ကွက် အများအပြား ရေနစ်မြုပ်နေတဲ့အတွက် ပြည်သူတွေ ရေဘေးကြုံနေပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ဇွန် ၁၉ ရက် ညပိုင်းကစပြီး မိုးကောင်းမြို့ထဲက နန့်ယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေ မြင့်တက် လာတာကြောင့် မြို့ဦး၊ ရွာသစ်၊ အိုးတန်း၊ ကျွန်းတော အပါအဝင် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်ခဲ့ပြီး နေအိမ်တချို့က လူတွေဟာ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

မိုးကောင်းမြို့ခံတယောက်က “စိုးရိမ်ရေအမှတ်က ကျော်သွားပြီ။ နန့်ရင်း ချောင်းရေက မြို့ပေါ် ရပ်ကွက် မြို့ဦး၊ ရွာသစ်၊ အိုးတန်း၊ ကျွန်းတော အဲ့နေရာကို နန့်ရင်း ချောင်းရေတွေ ဝင်သွားတယ်။ ဝင်ပြီးတော့ မြေနိမ့်ပိုင်းရပ်ကွက်တွေ အကုန် ရေဝင်တာပေါ့။ နန့်ကောင်း ချောင်းရေကျတော့ ဒီဘက် နန့်ရင်းရပ်ကွက်ရယ်၊ အလည်ရပ် အောင့်ချိုင့်ရယ်၊ အရှေ့ရပ် အောင့်ချိုင့်ရယ်၊ နန့်ကိုက်တော၊ နန့်ကြီးကုန်း၊ တဖက်ကမ်းက ရှမ်းစု၊ အထက် ရှမ်းစု အောက်ရှမ်းစု အဲ့ဘက်တွေမှာ ရေစဝင်ပြီ။ ရေနစ်မြုပ်တဲ့ အိမ်တွေက စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့ကို ရွှေ့နေကြတာ”လို့ ပြောပါတယ်။

မိုးကောင်းမြို့မှာ ရေကြီးနိုင်တဲ့ အခြေအနေကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

ဇွန် ၂၀ ရက် မနက် ၉ နာရီခွဲ တိုင်းထွာချက်အရ နန့်ယင်းချောင်းရေဟာ စိုးရိမ်ရေမှတ်ထက် ၂၉ စင်တီမီတာကျော်လွန်ပြီး ၆၂၉ စင်တီမီတာအထိ ရောက်ရှိနေသလို၊ နန့်ကောင်းချောင်းရေကလည်း စိုးရိမ်ရေမှတ်ထက် ၁၁ စင်တီမီတာကျော်လွန်ပြီး ၆၁၁ စင်တီမီတာအထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် မိုးကောင်း-မိုးညှင်းလမ်းပိုင်းတလျှောက် ကျေးရွာတချို့မှာ ရေဝင်ရောက်မှု တွေ ရှိနေပြီး ဒေသခံတွေရဲ့ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ မိုးကောင်းမြို့ပေါ် ရပ်ကွက်အများစုမှာ ရေဝင်ရောက်နေပြီး ပရဟိတအဖွဲ့တွေက ဒေသခံတွေရဲ့ ပစ္စည်းရွှေ့ပြောင်းတာနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက် ပေးနေကြပါတယ်။

ရင်ငြိမ်းပန်း ပရဟိတအသင်း တာဝန်ရှိသူတယောက်က “လက်ရှိကတော့ နန့်ရင်းချောင်း၊ နန့်ကောင်းချောင်း ၂ ချောင်းလုံးက စိုးရိမ်ရေအမှတ်ထက် ကျော်သွားပြီ ဖြစ်တဲ့အတွက် တမြို့လုံး အတိုင်းအတာနဲ့ ရေဝင်ရောက်နေတဲ့ အတိုင်းအတာ ရှိတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းတဲ့ မိသားစုတော့ မရှိသေးဘူး။ သူတို့ရဲ့ နေအိမ်တွေမှာပဲ အဆင်ပြေသလို ရေလွတ်သလို နေပြီးတော့ နေထိုင်နေကြတာ ရှိတယ်။ ဒီနေ့ တနေကုန်က ကယ်ဆယ်ရေးအပိုင်းကို အဓိက ဦးစားပေးပြီးတော့ သူတို့ ပစ္စည်းတွေ ရွှေ့တာပြောင်းတာ၊ အခြား လိုအပ်တဲ့ အိမ်တွေကို အမြင့်ကို နေရာပြောင်းပေးတာ အဲဒါတွေ လက်ရှိလုပ်နေတယ်”လို့ ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဌာနကတော့ လာမဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ မိုးဆက်လက် ရွာသွန်းနိုင်တဲ့အတွက် ချောင်းကမ်းပါးအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ အထူးသတိထားကြဖို့၊ ရေတက်လာပါက အချိန်မီ ပြောင်းရွှေ့နေထိုင်ကြဖို့ သတိပေးထားပါတယ်။

မိုးကောင်းမြို့အပြင် မိုးညှင်းမြို့က ရပ်ကွက်နဲ့ ကျေးရွာတချို့မှာလည်း ရေဝင်ရောက်မှုတွေရှိနေသလို မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းပိုင်း တချို့မှာလည်း ရေကျော်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 

 ဇွဲသစ် 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013