
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာနေတဲ့အပြင် ချင်းတောင်တန်းဘက်က တောင်ကျရေ ဆင်းလာတဲ့အတွက် ဥပုသ်ချောင်း အပါအဝင် မြစ်ချောင်းတွေ ရေလျှံတက်ကာ မြို့ပေါ်ရပ်ကွက်တချို့နဲ့ လမ်းတံတားတွေ ရေကျော်ရေမြုပ်နေပါတယ်။
ကလေးမြို့မှာ စက်တင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့ကတည်းက ၃ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာနေတဲ့အပြင် ချင်းတောင်ဘက်က တောင်ကျရေပါ စီးလာတာကြောင့် ဥပုသ်ချောင်းရေ လျှံတက်လာနေတာ ဖြစ်ပါတယ်။
မြို့ထဲမှာလည်း ဗိုလ်ချုပ်လမ်းမကြီးတလျှောက် ရေမြောင်းတွေကနေ ရေလျှံတက်ပြီး လမ်းမပေါ် ရေတင်နေသလို ပင်လုံ၊ မင်္ဂလာဥယျာဉ်၊ မြို့သာ၊ အောင်ဇေယျ၊ ညောင်ပင်သာ၊ တောင်ဖီလာ၊ နေပြည်တော်၊ ကြိုးသုံးပင်နဲ့ သဇင် စတဲ့ မြို့ပေါ်ရပ်ကွက်တွေက မြေနိမ့်ပိုင်းနေရာတွေထဲ ချောင်းရေတွေ အလုံးအရင်းနဲ့ စီးဝင်နေပါတယ်။
တချို့နေရာတွေမှာ သုံးဘီးဆိုင်ကယ်တွေ သွားလာလို့မရတော့သလို ညောင်ပင်သာနဲ့ မင်္ဂလာဥယျာဉ်ဘက်က အနိမ့်ပိုင်းတွေမှာဆိုရင် ဒေသခံတွေဟာ အိမ်သုံးပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ရွှေ့ပြောင်းနေရပြီလို့ ကလေးမြို့ခံတယောက်က DVB ကို အတည်ပြုပါတယ်။
“မိုးက ဆက်နေတာပေါ့၊ ၃ ရက်လောက် ဆက်တိုက်ရွာနေတော့ ချောင်းက ရေလျှံလာတာ။ လမ်းတွေလည်း ရေတက်လာတယ်။ အနိမ့်ပိုင်းတွေမှာ ရေတွေ ဝင်ကုန်တာပေါ့။ ညောင်ပင်သာဘက်က အနိမ့်ပိုင်းတွေတော့ ပစ္စည်းတွေ ရွှေ့နေရပြီ။ ဆိုတော့ မြို့ပေါ်အရှေ့ဘက်နဲ့ မြို့ပြင်ရပ်ကွက် တော်တော်များများမှာ ရေဝင်နေပြီဗျ။”
ကလေးမြို့ထဲက မင်္ဂလာဥယျာဉ်နဲ့ ညောင်ပင်သာကို ဆက်သွယ်ထားတဲ့ ရန်အောင်မြင်တံတားနဲ့ ပင်လုံရပ်ကွက်က ဆိပ်ကမ်းသာတံတားတွေအထိ ချောင်းရေတွေ မြင့်တက် ရောက်ရှိနေပါတယ်။
ဒေါက်တာတင်အောင်ဆွေတံတားမှာဆိုရင် ရေကျော်နေပြီဖြစ်လို့ တံတားအောက်က သူနာပြုအဆောင် အောက်ထပ်တွေ ရေမြုပ်နေပါတယ်။
စက်တင်ဘာ ၃ ရက် မနက်ပိုင်း တိုင်းထွာချက်အရ မြစ်သာမြစ်ရေ ထပ်မံတိုးလာနေပြီး အင်းယားကုန်းတံတားရဲ့ အရှေ့ဘက်ထိပ်ထိ ရေရောက်ရှိလာနေသလို ကလေးမြို့နယ်တောင်ပိုင်း ဇင်းကလင်းတံတားမှာလည်း အောက်ခြေ ရေတိုက်စားပြီး မြေပြိုနေတာကြောင့် ကလေးတောင်ပိုင်းလမ်းကြောင်း သွားလာမှုကို ယာယီပိတ်ထားရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
လက်ရှိ ကလေးမြို့ မြို့တော်ခန်းမနဲ့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းမှာ ယာယီရေဘေးရှောင်စခန်းတွေ ဖွင့်ထားရပြီး လူဦးရေ ဘယ်နှယောက် ရေဘေးသင့်နေလဲဆိုတာ DVB က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကလေးမြို့ခံတယောက်က “အခုတော့ မင်္ဂလာဥယျာဉ်ပဲ၊ မင်္ဂလာဥယျာဉ်ဆိုတာက လမ်းဆုံကနေ ကလေးဝဘက်သွားရင် အရှေ့ဘက်ခြမ်းတွေပေါ့ မင်္ဂလာဥယျာဉ်ခေါ်တယ်။ အခြေအနေတွေကဆိုးတယ်၊ ရေလည်းမြုပ်နေပြီ။ စိန့်မေရီကျောင်းမှာ ရေဘေးဒုက္ခသည်တွေ ရွှေ့လိုက်ပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် ကလေးမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ် တီးတိန်ခရိုင် ခိုင်ကမ်းမြို့ဘက်မှာလည်း စက်တင်ဘာ ၂ ရက်ကစပြီး ကွဲချောင်းရေကြီးရေလျှံမှုကြောင့် Maranatha AG ဘုရားကျောင်းတကျောင်းလုံး ရေတိုက်စားကာ မျောပါ ပျက်စီးသွားခဲ့ပါတယ်။
လက်ရှိမှာလည်း ချင်းတောင်ကျရေနဲ့အတူ မြစ်ချောင်းရေတွေ ဆက်လက်မြင့်တက်နေဆဲ ဖြစ်တာကြောင့် မြစ်ချောင်းကမ်းဘေးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးအန္တရာယ်ကို အထူးသတိပြုကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။











