DVB Logo
Home
Lead Story
ထိုင်းရွေးကောက်ပွဲနဲ့ အနာဂတ်အစိုးရ 
DVB
·
May 17, 2023
ထိုင်းရွေးကောက်ပွဲနဲ့ အနာဂတ်အစိုးရ 
Donate to DVB

ထိုင်းရွေးကောက်ပွဲမှာ ပညာတတ်လူငယ်တွေ ဦးဆောင်တဲ့ Move Forward ပါတီက အမတ်နေရာ အများဆုံးနဲ့ အနိုင်ရလိုက်တာဟာ အံ့အားသင့်စရာ မဟုတ်ပေမယ့် အံ့အားသင့်စရာဖြစ်ခဲ့တယ်။

အံ့အားသင့်စေခဲ့တာက စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေရဲ့ ပါတီပါ။ သူတို့က သူတို့ပဲနိုင်ပြီး အစိုးရဖွဲ့မယ်လို့ အပိုင်တွက်ထားတာ။ ခုတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ အာဏာဘယ် လိုဆက်ချုပ်ကိုင်ရမလဲ လမ်းကြောင်းရှာနေကြပြီ ထင်ပါရဲ့။

ဒီရွေးကောက်ပွဲမတိုင်မီ မေလ ၁၂ ရက်က ထိုင်းဗိုလ်ချုပ်ကြီး နာရွန်ပန်က ဒီတစ်ခါ စစ်တပ်က အာဏာထပ်မသိမ်းတော့ပါဘူးတဲ့။ အာဏာသိမ်းတယ်ဆိုတဲ့ ဝေါဟာရကိုလည်း အဘိဓာန်ထဲက ထုတ်ထားလိုက်ပါပြီတဲ့။ အဲသလိုပြောပါတယ်။ 

သိကြတဲ့အတိုင်း ထိုင်းနိုင်ငံက အာဏာသိမ်းယဉ်ကျေးမှု ဖြစ်နေတာကြာပြီ။ ထစ်ခနဲရှိ စစ်တပ်က အကြောင်းပြချက်တစ်ခုနဲ့ အာဏာသိမ်းလိုက်။ ထစ်ခနဲရှိ စစ်တပ်က နိုင်ငံရေးထဲ ဝင်ပါလိုက် ဖြစ်နေတာကြာပြီ။

၁၉၃၂ ခုနှစ်ကစပြီး ခုချိန်ထိ ထိုင်းမှာ အောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ၁၂  ခု ရှိခဲ့ပြီလို့ သိရတယ်။ နောက်ဆုံး အာဏာသိမ်းခဲ့တာက ၂၀၁၄၊ မေလ၊ ဗိုလ်ချုပ်ကြီးပရာရွတ် ဦးဆောင်ခဲ့တာ။ ခုတော့ ဝန်ကြီးချုပ် ပရာရွတ်ပေါ့။

ပရာရွတ်က စစ်ဗိုလ်ချုပ်အဖြစ်နဲ့ အာဏာသိမ်းပြီး သူကိုယ်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက်ပြင်။ သူကိုယ်တိုင် ရွေးကောက်ပွဲဥပဒေတွေ ပြင်ဆင်ပြီး ၂၀၁၉ မှာ ရွေးကောက်ပွဲဝင်တော့ အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာတယ်။ 

လေးနှစ်ပြည့်လို့ ခုတစ်ကြိမ် ရွေးကောက်ပွဲဝင်တော့ မျှော်လင့်ချက်အပြည့်နဲ့ ဝန်ကြီးချုပ်နေရာကို ထပ်မှန်းခဲ့ပေမယ့် ခု ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ သူတို့ပါတီဟာ လူထုအများစု ထောက်ခံမှုမရှိဘူးဆိုတဲ့ အဖြေကို တွေ့လိုက်ရတယ်။

ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးစဉ်တုန်းကတော့ သင်္ကြန်ပွဲမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်မှာ ရေကစားပြနေတဲ့ ပရာရွတ်က ပီဘိ နိုင်ငံရေးသမားအသွင်ပါပဲ။ ပြည်သူတွေက သူနဲ့ သူ့ပါတီကို ထောက်ခံမှု အပြည့်ပေးလိမ့်မယ်လို့ မှတ်ယူခဲ့ပုံရတယ်။

ပရာယွတ် မတွေးမိတဲ့အချက်က လူထုဟာ သူတို့ရဲ့ခံစားချက်ကို မဲဆန္ဒပေးတဲ့အချိန်ကျမှ တပြိုင်နက်တည်း ဖော်ထုတ်လိုက်တာပဲ။ 

မေ ၁၄၊ တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ စတင်တော့ ဘန်ကောက်လိုမြို့ကြီးတစ်ခုလုံးက လူငယ် ပညာတတ်တွေ ဦးဆောင်တဲ့ ပါတီသစ် Move Forward ကို တခဲနက် မဲပေးခဲ့ကြတယ်။ 

ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ်က အသက် (၄၂) နှစ်သာ ရှိသေးတဲ့ ဟားဗတ်နဲ့ မက်ဆာချူးဆက်က အမ်ပီအေ နဲ့ အမ်ဘီအေ ရရှိထားသူ။ 

ပါတီသက်တမ်း သုံးနှစ်သာ ရှိသေးပေမယ့် ခုရွေးကောက်ပွဲမှာ အမတ်ဦးရေအများဆုံး ၁၅၂ နေရာနဲ့ အနိုင်ရခဲ့တယ်။

အမတ်နေရာ ၃၃ နေရာရှိတဲ့ ဘန်ကောက်မှာ move forward က ၃၂ နေရာ နိုင်တယ်။ ဘာကြောင့် လူငယ်တစ်ဦး ဦးဆောင်တဲ့ ပါတီသစ်က ခုလို နေရာအများဆုံးနဲ့ အနိုင်ရခဲ့သလဲ။

ထိုင်းနိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေဟာ ဘုရင်နဲ့ စစ်တပ်က ကြီးစိုးခြယ်လှယ်နေတဲ့ နိုင်ငံရေးစနစ်ကနေ ပြောင်းလဲချင်နေကြပြီ။ ပြောင်းလဲဖို့လည်း ကြိုးစားခဲ့ကြတယ်။

ပြန်ပြောရရင် ၂၀၁၉ ရွေးကောက်ပွဲမှာလည်း ပရာရွတ်ရဲ့ ပါတီက အများစုအနိုင်မရခဲ့ပါဘူး။ အဲဒီချိန်တုန်းကလည်း ထာနာထွန် ဦးဆောင်တဲ့ Future Forward ပါတီ နဲ့ Pheu Thai တို့ကပဲ အများစု နိုင်ခဲ့တယ်။ နောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်က အရေးယူလို့ ထာနာထွန်ရော သူ့ပါတီပါ ဖျက်သိမ်းခံရတယ်။ ထာနာထွန်က နောက်ရွေးကောက်ပွဲ ဝင်ခွင့်မရှိ။ 

အဲဒီ ၂၀၁၉ ရွေးကောက်ပွဲမှာ အခုအနိုင်ရတဲ့ move forward ပါတီခေါင်းဆောင် ပီတ က Future Forward ပါတီကဝင်ပြီး ရွေးကောက်ခံရတယ်။ ပါတီအဖျက်ခံရပြီးတဲ့နောက်မှာ Future Forward ပါတီဝင်တွေက နာမည်အသစ်နဲ့ Move Forward ဆိုပြီး ခုရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြတာ။ 

ထာနာထွန်ကို ဖမ်းပြီး ပါတီကိုဖျက်တော့ ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်တယ်။ ဒီဆန္ဒပြပွဲကို လူငယ်ပညာတတ် ပီတ တို့ဦးဆောင်တယ်။ 

ဘုရင်နဲ့ပတ်သက်လို့ ပြဋ္ဌာန်းထားတဲ့ တင်းကျပ်တဲ့ဥပဒေတွေကို ပြင်ဆင်ဖို့၊ တက်ကြွလှုပ်ရှားသူများရဲ့ အခွင့်အရေးအပြည့်အဝပေးဖို့ အပါအဝင် လူငယ်တွေဟာ ဘုရင်နဲ့ စစ်တပ် လွှမ်းမိုးတဲ့စနစ်ကို ဆန့်ကျင်ဆန္ဒပြကြတယ်။

အခုရွေးကောက်ပွဲမှာ သက်ဆင်ရဲ့သမီး ပေတုန်တန် ရှင်နာဝပ်တို့ရဲ့ Pheu Thai ကိုတောင် ကျော်ပြီး Move Forward က နေရာအများဆုံးနဲ့ အနိုင်ရခဲ့တယ်။ ဒီရလဒ်ဟာ ထိုင်းပြည်သူတွေ ဘာဖြစ်ချင်နေတယ်ဆိုတာ ဖော်ပြလိုက်တဲ့ ရလဒ်ပဲ။

ရွေးကောက်ပွဲမတိုင်မီက အမျှော်လင့်ကြီး မျှော်လင့်ထားတဲ့ ပရာရွတ်ရဲ့ ယူနိုက်တက် ထိုင်းနေးရှင်း UTN က ၃၆ နေရာပဲ ရခဲ့တယ်။

လက်ရှိအနေအထားအရ အနိုင်ရတဲ့ Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ်က ထိုင်းဝန်ကြီးချုပ် ဖြစ်လာဖို့ရှိတယ်။ ဘုရင်နဲ့စစ်တပ်ကို ဆန့်ကျင်တဲ့ Move Forward အပါအဝင် အတိုက်အခံ ငါးပါတီ မဟာမိတ်ဖွဲ့ပြီး အစိုးရဖွဲ့မယ်လို့ ပီတ က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တယ်။ 

ဒီပါတီတွေထဲမှာ ဒုတိယနေရာက Pheu Thai, Prachachat, Thai Sang Thai, Seri Ruam Thai, နဲ့ နောက်ဆုံးဝင်လာတဲ့ Fair Party တို့ ပါဝင်တယ်။ ဒီပါတီတွေ အားလုံးပေါင်းလိုက်ရင် အမတ်ဦးရေ ၃၁၀ ရှိတယ်။

ထိုင်းအောက်လွှတ်တော်မှာ အမတ်နေရာ ၅၀၀ ရှိပြီး ပီတ ဦးဆောင်တဲ့ အတိုက်အခံညွန့်ပေါင်းပါတီက အမတ်နေရာ ၃၁၀ အနိုင်ရထားလို့ ဝန်ကြီးချုပ် ပီတ ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာတော့မယ်လို့ ဆိုရမယ်။

သို့ပေမယ့်… ။ ဒီ သို့ပေမယ့်က အနာဂတ် ဘာဖြစ်မယ် မသိနိုင်သေးတဲ့ ထိုင်းနိုင်ငံရေးဖြစ်စဉ်ပါပဲ။ အောက်လွှတ်တော်မှာ အမတ်ဦးရေ ၃၁၀ ရရှိထားပေမယ့် ပီတ ရဲ့ Move Forward က ဝန်ကြီးချုပ်သစ် ရွေးချယ်ပြီး အစိုးရဖွဲ့လို့ မရသေးပါဘူး။ ပရာရွတ်တို့ ပြင်ဆင်ရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ခုပေါင်း အမတ်ဦးရေ ၃၇၆ ရမှ ဝန်ကြီးချုပ်သစ် ရွေးချယ်နိုင်မယ်။ အထက်လွှတ်တော်မှာ အမတ် ၂၅၀ ရှိပြီး အားလုံးက ပရာယွတ် စိတ်တိုင်းကျ ရွေးချယ်ခန့်ထားတဲ့ မိုးကျရွှေကိုယ် အမတ်တွေ ဖြစ်တယ်။ Appointed တွေပေါ့။ သူတို့ကို NCPO လို့ ခေါ်တဲ့ နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကောင်စီက ခန့်တယ်။

အထက်လွှတ်တော်အမတ်အားလုံးက ဘုရင်နဲ့ စစ်တပ်လိုလားတဲ့ ပါတီတွေအတွက် သပိတ်ဝင် အိတ်ဝင်ပဲ။ အစိုးရဖွဲ့ဖို့ဆိုရင် သူတို့ ထောက်ခံဖို့ လိုတယ်။ လက်ရှိချိန်မှာ တခြားမဟာမိတ်ပါတီတွေနဲ့ ပေါင်းပြီး အမတ်နေရာ ၃၁၀ ရထားတဲ့အထိ Move Forward ပါတီအနေနဲ့ အစိုးရဖွဲ့ဖို့ မသေချာသေးပါဘူး။  အနိုင်ရပါတီအနေနဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှု ရဖို့ လိုနေပါသေးတယ်။ 

ဒါကြောင့် Move Forward ပါတီခေါင်းဆောင် ပီတက “ပြည်သူတွေအပေါ် သစ္စာရှိပါ” လို့ အထက်လွှတ်တော်အမတ်တွေကို ရည်ညွှန်းပြီး ပြောနေတာ ဖြစ်တယ်။

ထိုင်းရွေးကောက်ပွဲမှာ ဒီမိုကရေစီလိုလားသူတွေ၊ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ ခေတ်ပညာတတ် လူငယ်တွေက အနိုင်ရတယ်ဆိုပေမယ့် အစိုးရဖွဲ့နိုင်ဖို့ ရှေ့မှာ အတားအဆီးတွေ၊ ပြဿနာတွေ အများကြီးရှိနေသေးတယ်ဆိုတာ ၂၀၁၉ ရွေးကောက်ပွဲက နမူနာ ရှိထားခဲ့ပြီးကြောင်းပါ..။ 

CWM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013