DVB Logo
Home
မြန်မာသတင်း
မုံရွာ PDF စခန်း စီးနင်းခံရပြီး သိန်း ၄၀၀ နီးပါးတန်ဖိုးရှိ ပစ္စည်းများဆုံးရှုံး၊ ကနီတိုက်ပွဲတွင် နှစ်ဖက် အကျအဆုံးရှိ
DVB
·
May 17, 2023
မုံရွာ PDF စခန်း စီးနင်းခံရပြီး သိန်း ၄၀၀ နီးပါးတန်ဖိုးရှိ ပစ္စည်းများဆုံးရှုံး၊ ကနီတိုက်ပွဲတွင် နှစ်ဖက် အကျအဆုံးရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ PDF စခန်းတခုကို စစ်ကောင်စီတပ်က မေ ၁၅ ရက် နေ့လယ် ဝင်ရောက်စီးနင်းရာ တပ်ဖွဲ့ပိုင် ကျပ်သိန်း ၄၀၀ နီးပါးတန်ဖိုးရှိ ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ Monywa Nightking အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

Monywa Nightking တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်တဦးက “မေလ ၁၅ ရက်နေ့က ကျနော်တို့နောက်တန်း ဝင်စီးခံရပြီး လက်လုပ်လက်နဂာ်၊ ဆေးဝါးရိက္ခာနဲ့ ယူနီဖောင်းတွေ သိန်း ၄၀၀ နီးပါး ဆုံးရှုံးခဲ့ရတယ်။ ကျနော်တို့ Monywa Nightking အနေနဲ့ လုံခြုံရေးကြောင့် ဘာမှပြန်မလုပ်နိုင်သေးခင်မှာပဲ ကျနော်တို့အဖွဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ပိုက်ဆံတွေ လိမ်တောင်းတဲ့ဖြစ်စဥ်ကလည်း အချိန်ကိုက် ဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့စခန်း ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်တွေ အများကြီးရှိနေပေမဲ့ ကျနော်တို့ ဘယ်သူ့ဆီကိုမှ သွားရောက်အလှူခံထားခြင်း မရှိသေးပါဘူးခင်ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

“တပ်ဖွဲ့အမည်နဲ့ အလှူခံခဲ့ပါက တပ်ဖွဲ့ရဲ့ page messenger ကို အချိန်မရွေး လာရောက်မေးမြန်း စုံစမ်းကြပါ။ အခုချိန်ထိ ပြည်သူတွေက ကူခဲ့လှူခဲ့တာတွေကို ကိုယ်ကျိုးအတွက် တကျပ်မှအသုံးမပြုခဲ့ဘဲ အလေအလွင့်မရှိအောင် စိစစ်ပြီး သုံးစွဲခဲ့ပါတယ်။ စာရင်းဇယားလည်း အတိအကျရှိပါတယ်” လို့ Monywa Nightking တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စခန်းဝင်စီးခံရလို့ ဆုံးရှုံးတဲ့အကြောင်း ထုတ်ပြန်ရေးသားထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ဖြုဝာ်ချခံခဲ့ရပြီး ကူညီမယ့်သူတွေအနေနဲ့လည်း Monywa Nightking page messenger ကို တိုက်ရိုက်ဆက်သွယ်ကြဖို့ မေတ္တာရပ်ခံပါတယ်လို့ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်တဦးက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်က ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမ ပျူစခန်းကနေ မေ ၁၂ ရက်ကနေ စတင်ဝင်ရောက်လာပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်လုံးကြီးတပ်မဟာအဖွဲ့ ခေါင်းဆောင်က “တိုက်ပွဲက မေ ၁၂ ရက်နေ့ တွင်းကျေးရွာက ထွက်လာကတည်းက ပစ်ခတ်မှုတွေ ဖြစ်တာပဲ။ စစ်ကြောင်းက ပုံမှန်လမ်းအတိုင်းမသွားဘဲ ယာခင်းပြင်တွေထဲကနေ ဖြတ်ပြီး မင်းမရွာတောင်ဘက် တင်ဝင်းထွန်း သနပ်ခါးခြံကနေ မင်းမရွာထဲ ဝင်တပ်စွဲတယ်။ မေလ ၁၄ ရက်နေ့ မနက်ခင်း ၆ နာရီအချိန်ကျတော့ မင်းမရွာအနောက်ဘက် စစ်ကောင်စီတပ် ထွက်လာတာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အသင့်စောင့်ပြီး ပစ်ခတ်တာ။ နေရာတင် ဗိုလ်အဆင့်ရှိသူတဦး သေဆုံးတယ်။ တပ်သား ၆ ဦးလောက် ဒဏ်ရာရသွားတယ်။ အဲဒီနေ့မှာ ကာကွယ်ရေးအဖွဲ့ဘက်က တဦးကျဆုံးတယ်၊ ၄ ဦး ဒဏ်ရာရတယ်။ အဲဒီ ဒဏ်ရာရတဲ့ ရဲဘော်ထဲက နောက်တဦး ထပ်မံကျဆုံးခဲ့တယ်။ အဲဒီ ၁၄ ရက်နေ့ ညနေကျတော့ သူတို့ဘက်က အကျဆုံးများတာကြောင့် မုံရွာ ကျောက်စစ်ပုံ အမြောက်တပ်ကနေ ဟာလဝီလို့ခေါ်တဲ့ လက်နက်ကြီး ၁၁ လုံးလောက် ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မေ ၁၅ ရက်က တိုက်ပွဲထပ်မံဖြစ်ပြီး PDF ဘက်က ရဲဘော်တဦး ကျဆုံးကာ စစ်ကောင်စီဘက်က သေဆုံးတဲ့ စစ်သားအလောင်းတွေကို မင်းမရွာဘုန်းကြီးကျောင်း ဓမ္မာရုံဘေးမှာ မီးရှို့ထားခဲ့ကြတယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တဦးက “မေ ၁၆ ရက်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ချောင်းမအရှေ့ဘက်၊ လယ်ရှည်ရွာကြားမှာ တနေကုန် တိုက်ပွဲဖြစ်နေတယ်။ စစ်ကောင်စီဘက်ကတော့ အတော်အထိနာတယ်။ ခန့်မှန်းခြေ ၈၀ လောက်ထိ ထိခိုက်တာတွေ ရှိနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ မင်းမရွာအတွင်း ပိတ်မိနေတဲ့ စစ်‌ကောင်စီစစ်ကြောင်းကို မေ ၁၅ ရက်က ပြန်လည်ကယ်ထုတ်ဖို့အတွက် စစ်ကြောင်းတကြောင်း ထပ်မံစေလွှတ်ခဲ့ပြီး မေ ၁၆ ရက်မှာ လယ်ရှည်ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲညအိပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်အတွင်း အခုလို စစ်ကြောင်းရှိနေတာကြောင့် လယ်ရှည်အနီးက ချင်းတောင်ရွာ၊ တွင်းရွာ၊ မင်းမရွာက ဒေသခံထောင်ချီဟာ အခုချိန်အထိ စစ်ဘေးရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013