DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများကို စင်ကာပူက ကန်ဒေါ်လာ ၅၀,၀၀၀ ကူညီမည်
DVB
·
May 16, 2023
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများကို စင်ကာပူက ကန်ဒေါ်လာ ၅၀,၀၀၀ ကူညီမည်
Donate to DVB

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် မြန်မာပြည်သူတွေကို စင်ကာပူ ကြက်ခြေနီအသင်းက အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ထောက်ပံ့ကူညီသွားမယ်လို့ သည်စထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းသင့် ပြည်သူတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ များစွာ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတဆင့် သိရတယ်လို့ ဆိုပါတယ်။

စင်ကာပူ ကြက်ခြေနီအသင်းရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ အမှုဆောင်အရာရှိချုပ် မစ္စတာ ဘင်ဂျမင် ဝီလျံက “ဆိုင်ကလုန်း မိုခါရဲ့ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကျနော်တို့ အရမ်းစိုးရိမ်မိပါတယ်။ ကနဦး အကဲဖြတ်မှုတွေအရ ပျက်စီးဆုံးရှုံးမှုက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး ရခိုင်ပြည်နယ်က ရွှေ့ပြောင်းနေထိုင်သူတွေ အပါအဝင် အရင်ကတည်းက ထိခိုက်လွယ်တဲ့ အသိုက်အဝန်းတွေကြားမှာ လိုအပ်ချက်တွေ မြင့်တက်လာပါလိမ့်မယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့အတွက် ကျနော်တို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ နီးကပ်စွာ ဆက်လက်လုပ်ဆောင်နေတာကြောင့် နောက်ထပ် ကယ်ဆယ်ရေးအကူအညီတွေ ပေးဖို့ အသင့်ရှိနေပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတော့ လတ်တလောမှာ အရေးပေါ်ကူညီကယ်ဆယ်ရေး စင်တာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ်ထားပြီးတော့ စေတနာ့ဝန်ထမ်း ၇၀၀ ကျော်နဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစားအစာနဲ့ သောက်ရေသန့် စတဲ့ အရေးပေါ်ထောက်ပံ့ကူညီမှုတွေကို လုပ်ဆောင်ထားပြီးတော့ မုန်တိုင်းသင့် ပြည်သူ ၁ ဒသမ ၂ သန်းကျော်ကို ကယ်ဆယ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မုန်တိုင်း ပြင်းအားအဆင့် ၅ ရှိတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တော် စစ်တွေမြို့ကို ၁ နာရီ လေတိုက်နှုန်း မိုင် ၁၃၀ နဲ့ ဝင်ရောက်ခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့် ဒီရေလှိုင်းတွေနဲ့အတူ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ၊ ရေကြီးရေလျှံ မြေပြိုတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အေပီသတင်းတပုဒ်မှာတော့ ဒါဟာ မြန်မာနိုင်ငံကိုဝင်ရောက်တဲ့ အင်အားအပြင်းဆုံး မုန်တိုင်းတခုဖြစ်ပြီး အနည်းဆုံး လူ ၆ ယောက် သေဆုံးကာ အယောက် ၇၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်း ပင်လယ်ပြင်ထဲ ပိတ်မိနေတဲ့ လူပေါင်း ၁,၀၀၀ လောက်ကို ကယ်ဆယ်ခဲ့ရတယ်လို့ မေ ၁၅ ရက်မှာ ပြောထားပါတယ်။

တချို့သတင်းရင်းမြစ်တွေမှာတော့ မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၂၉ ယောက် သေဆုံးခဲ့ပြီး အသေးစိတ် သေဆုံးသူအရေအတွက်ကိုတော့ မသိရသေးပါဘူး။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကတော့ မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်း တွေလည်း ထိခိုက်ပျက်စီးသွားပြီး လူ ၁၀၀ ကျော် သေဆုံးကာ အများအပြား ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

NUG အစိုးရကတော့ မိုခါမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်းကို ပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါပံ့ပိုးမှုတွေကိုတော့ NUG အစိုးရ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ လက်အောက်ကနေ မြေပြင်စာရင်းဇယားကောက်ယူတာ၊ အပျက်အစီးတွေ ရှင်းလင်းတာ၊ ယာယီအမိုးအကာတွေ ဖန်တီးပေးတာ၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ပေးတာ၊ လူသားချင်းစာနာမှု အထောက်အပံ့ပေးတာတွေနဲ့ Lifelines တွေ ပြန်လည်ချိတ်ဆက်ရေး ကိစ္စတွေကို သက်ဆိုင်ရာ ဒေသအသီးသီးက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လတ်တလော အရေးပေါ် လိုအပ်ချက်တွေအနေနဲ့ကတော့ ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေး စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်အများစုမှာ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဘေးသင့်ပြည်သူတွေအနေနဲ့ သတင်းအချက်အလက် ရရှိဖို့နဲ့ ကယ်ဆယ်ရေးအကူအညီတွေ တောင်းခံဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013