


မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ မိုခါမုန်တိုင်းရဲ့ အရှိန်နဲ့ မိုးရွာသွန်းမှုကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပြီး ဒေသခံသောင်းနဲ့ချီ အကူအညီတွေ လိုအပ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
မေ ၁၂ ရက်ကစတင်ပြီး နာရီပေါင်း ၈၀ ကြာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မောချောင်းနဲ့ သံသာချောင်းအနီးက ရွာပေါင်း ၃၀ ကျော် ရေကြီးရေလျှံခဲ့ပြီး အိမ်ခြေပေါင်း ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။
လေမုန်တိုင်းဒဏ်ကိုပဲ ဦးစားပေး ကြိုတင်ပြင်ဆင်ခဲ့တဲ့အတွက် မုန်တိုင်းကာလအတွင်း အခုလို ရေကြီးလျှံမှုကြောင့် ရွာမှာကျန်ရှိခဲ့တဲ့ ဆန်စပါး၊ မြေပဲတင်း ရာကျော်နဲ့ ဆီပိသာချိန် ရာကျော် ရေနစ်မြုပ်ခဲ့ကာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ကြုံခဲ့ရတာလို့ ထီးလင်းဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရေနစ်မြုပ်တာက ၇ ရွာလောက်ရှိတယ်။ ရေဝင်တာက ရွာပေါင်း ၃၀ ကျော်ပါ။ ဒေသခံ သောင်းနဲ့ချီ အခက်အခဲဖြစ်နေတယ်။ ရေလျှံတဲ့နေ့ကဆို ဒေသခံတွေ ထမင်းတောင်မစားကြရဘူး။ ကျွဲနွားလည်း အကောင် ၃၀ ကျော်သေတယ်။ လမ်းတံတားတွေလည်း ပျက်စီးတယ်။ အခု ရေတော့ နည်းနည်းကျနေပြီ။”
ချောင်းရေကြီးမှုကြောင့် ထီးလင်းနယ်က ထန်းပင်ကုန်းရွာ၊ ထလင်းရွာ၊ တောရောင်းရွာ၊ အနောက်ဘက်ရွာ၊ ပုဏ္ဏားရွာ၊ ဝက်သက်ရွာနဲ့ ဝါးဘင်းရွာ စတဲ့ ကျေးရွာ ၃၀ ကျော် ရေဘေးသင့်ခဲ့ကြတာပါ။
လတ်တလောမှာတော့ ရေဘေးသင့်ပြည်သူတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေက ကူညီဆောင်ရွက်ပေးနေပြီး ပရဟိတအသင်းတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ကူညီဆောင်ရွက်ပေးစေလိုတယ်လို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။