DVB Logo
Home
မြန်မာသတင်း
ထီးလင်းတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး​သေဆုံးပြီး နေအိမ် ၅ လုံးထက်မနည်းပျက်စီး
DVB
·
March 11, 2026
ထီးလင်းတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး​သေဆုံးပြီး နေအိမ် ၅ လုံးထက်မနည်းပျက်စီး
Donate to DVB

မကွေးတိုင်း၊ ယောဒေသဖြစ်တဲ့ ထီးလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က မတ် ၁၀ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာကြောင့် ဒေသခံပြည်သူ ၂ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေရှိသလို လူနေအိမ် ၅ လုံးထက်မနည်းလည်း ထိခိုက် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုမင်းဒဿက “ထီးလင်းနယ်အရှေ့ခြမ်း ပုံတောင်ခြေရင်းမှာရှိတဲ့ ရွာတရွာကို စစ်တပ်ရဲ့ A5 Bomber အမျိုးအစား ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာပါ။ ရွာခံအမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးတယ်။ ပျက်စီးမှုကတော့ အိမ် ၅ လုံးထက်မနည်းဘူးလို့ သိရတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတဲ့ အဆိုပါကျေးရွာမှာ တိုက်ပွဲဖြစ်နေတာ မရှိသလို တော်လှန်ရေးတပ်စခန်းတွေလည်း မရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီရွာနာမည်က မြောင်းကြီးရွာတဲ့။ ​စစ်ရေးနယ်မြေတွေနဲ့ နီးကပ်တဲ့ရွာလို့ ပြောလို့ရပေမဲ့ အဲဒီရွာမှာတော့ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေယာဥ်နဲ့ ဗုံးကြဲသွားတာပါ။ ဗုံးက ရွာတောင်ပိုင်းမှာ ဘုရားပွဲဆိုလား၊ အလှူပွဲဆိုလား လုပ်နေတဲ့ အဲဒီအိမ်ပေါ်ကို ကျတာ။ ဗုံးကျတဲ့အိမ် အပါအဝင် အိမ် ၂ လုံး မီးလောင်တယ်။ ဘေးအိမ် ၃ လုံး ပျက်စီးတယ်။ အသက် ၂၅ နှစ်လောက်ရှိသေးတဲ့ လူငယ်တယောက်ကတော့ ခေါင်းပြတ်ပြီး နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားပြီး နောက်ထပ် အသက် ၂၀ ကျော် အမျိုးသမီးတယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးကုနေရင်း ဆုံးသွားတာပါ” လို့ DVB ကို ပြောပါတယ်။

မြောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၅ ယောက်ထက်မနည်း ရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေကြကာ အသက်အန္တရာယ် စိုးရိမ်ရသူတွေ မပါဝင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ယောဒေသမှာရှိကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန် အန္တရာယ်တွေကြောင့် လူစုလူဝေးတွေ မပြုလုပ်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ လေကြောင်းရန်သတိပေးချက်တွေကို အတိအကျ လိုက်နာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013