
မကွေးတိုင်း၊ ထီးလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က မတ် ၂၆ ရက် မနေ့ နေ့လယ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ထီးလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ ထီးလင်းမြို့နယ်ထဲမှာ ရှိတဲ့ ကဇွန်းထောင့်ရွာထဲကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက ပေါင် ၃၀၀ ဗုံး ၂ လုံး ချသွားတာပါ။ အဲဒီရွာနဲ့ အဲဒီရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာလည်း မရှိသလို တော်လှန်ရေး အထိုင်စခန်းတွေလည်း မရှိပါဘူး” လို့ ပြောပါတယ်။
ဗုံးကြဲခံရတဲ့ရွာက မောချောင်းရဲ့ အရှေ့ဘက်ခြမ်းက ကဇွန်းထောင့် (ရွာသစ်) ဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ် ၅ လုံးထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုမင်းဒဿက “နေ့လယ် ၁ နာရီ မိနစ် ၂၀ လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲသွားတာမှာ ဒဏ်ရာရတာက အသက်ကြီးပိုင်း အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ပါ။ အမျိုးသားကြီးက ပေါင်မှာ ဒဏ်ရာရပြီးတော့ အမျိုးသမီးက လက်မောင်းမှာ ဒဏ်ရာရကြတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ကြရဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် နွားတကောင်သေဆုံးကာ နွား ၂ ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ဝက် ၃ ကောင်လည်း ထိခိုက်သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မကွေးတိုင်းမြောက်ပိုင်းက လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပါတယ်။










