
မွန်ပြည်နယ် ကျိုက်ထိုမြို့ မြို့ရှောင်လမ်းမီးပွိုင့်အနီးမှာ ယာဉ်တိမ်းမှောက်မှုဖြစ်လို့ ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားပါတယ်။
သာသနာရေးအမှတ်တံဆိပ်ပါ CRV အမည်းရောင် ကားအမျိုးအစားဟာ ရန်ကုန်ကနေ မော်လမြိုင်ကို မှောင်းနှင်လာစဉ် ကျိုက်ထိုမြို့ရှောင်လမ်း မီးပွိုင့်အနီးမှာ လမ်းဘေးကျောက်တိုင်တွေကို တိုက်မိပြီး အရှိန်လွန်တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ် လူမှုကူညီရေး အသင်းကတာဝန်ရှိသူက “အတူပါလာတဲ့ ယာဉ်မောင်းက အသက် ၄၀ ခန့်ရှိပြီး မစိုးရိမ်ရဘူး။ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတယ်။ ဆရာတော်ကိုတော့ စိုးရိမ်အခြေအနေနဲ့ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆေးရုံရောက်မှ ပျံလွန်တော်မူသွားတယ်” လို့ DVB ကို ပြောပါတယ်။
ဆရာတော်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့၊ တောင်ဝိုင်းကလေး မဟာစည်သာသနာ့ရိပ်သာမှာ မူလသီတင်းသုံးပြီး လှည်းကူး ကျုံးကျုံးကျရွာ သာသနာ့ပါလကျောင်းက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသာသနာ့ ဖြစ်ပါတယ်။
ကျိုက်ထို မြို့ရှောင်လမ်းသည် လမ်းကျဉ်းဖြစ်လို့ မကြာခဏ ယာဉ်တိုက်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။










