DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လူပေါင်းရာချီသေဆုံးနိုင် 
DVB
·
May 16, 2023
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လူပေါင်းရာချီသေဆုံးနိုင် 
Donate to DVB

မေလ ၁၄ ရက်က  ရခိုင်ကမ်းရိုးတန်းကိုဦးတည်တိုက်ခတ်သွားခဲ့တဲ့ အင်အားအင်မတန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပါအဝင် လူပေါင်း ရာချီ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက အတည်ပြုသတင်းထုတ်ပြန်တာ မရှိသေးသလို ယူအန်အေဂျင်စီတွေအပါအဝင် ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေဆီကနေလည်း သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

လတ်တလော စုံစမ်းသိရှိရသလောက် စစ်တွေ အနောက်စံပြရွာမှာ အယောက် ၅၀၊ ဗေဒါရွာမှာ အယောက် ၁၁၀၊ ဒါးပိုင် ဒုက္ခသည်စခန်းမှာ အယောက် ၂၀၀ နီးပါး၊ ဘောဒူဖ ဒုက္ခသည်စခန်းနဲ့ အောင်ပင်လယ်ရွာမှာ အယောက် ၅၀ ကျော်၊ အုန်းတောချေ ဒုက္ခသည်စခန်းမှာ အယောက် ၅၀ နီးပါးနဲ့ ဘုမေရွာမှာ အယောက် ၁၀၀ ဝန်းကျင်၊ စုစုပေါင်း ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရွာနဲ့ ဒုက္ခသည်စခန်းအများစုဟာ စစ်တွေမြို့ရဲ့ အနောက်ဘက်ခြမ်း ပင်လယ်ကမ်းဘက်မှာ ရှိနေကြတာပါ။

ထိခိုက်သေဆုံးသူအများစုဟာ ကလေးနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပြီး မုန်တိုင်းတိုက်ခတ်ချိန်ထိခိုက်တာနဲ့ ရေနဲ့မျောပါသေဆုံးကြရတာပါ။ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ အများအပြားလည်းရှိနေတယ်လို့ သိရပါတယ်။

ရိုက်တာသတင်းမှာတော့ မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေလည်း ထိခိုက်ပျက်စီးသွားပြီး လူ ၁၀၀ ကျော်သေဆုံးကာ အများအပြား ပျောက်ဆုံးနေတယ်လို့  အကူအညီပေးရေး NGO တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြပါတယ်။ 

စစ်တွေမြို့မှာ မေလ ၁၄ ရက်က မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်စဉ် ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့  စစ်ကောင်စီလက်အောက်ခံ နယ်မြေခံတပ်ရင်းမှ အရာရှိ တယောက်နဲ့ တပ်သားနှစ်ယောက် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မုန်တိုင်းကြောင့် ဒုက္ခသည်စခန်းတွေလည်း အားလုံးနီးပါးပျက်စီးသွားပြီး အစားအသောက်နဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတုန်းပဲဖြစ်ပြီး မြို့ပေါ်က နေရာတချို့မှာပဲ ဖုန်းလိုင်းမိတာကြောင့် သေဆုံးသူစာရင်းနဲ့ ပျက်စီးသွားတဲ့ အခြေအနေအသေးစိတ်ကို စုံစမ်းနေတုန်းဖြစ်ပါတယ်။

မုန်တိုင်းမဝင်ခင်က မွတ်စလင်ဒုက္ခသည်စခန်းနဲ့ ရွာမှာရှိနေသူတွေကို သက်ကယ်ပြင်ရွာဘက်ကို ရွှေ့ပြောင်းပေးထားတယ်လို့ ဒေသခံတွေက ပြောဆိုထားပြီး အခုသေဆုံးခဲ့သူတွေဟာ ဘာကြောင့် မရွှေ့ပြောင်းခဲ့ရတာလဲဆိုတာကိုတော့ မသိရ သေးပါဘူး။

ဆက်သွယ်ရေးတွေပြတ်တောက်နေတာကြောင့် မုန်တိုင်းလမ်းကြောင်းမှာ ရှိနေခဲ့တဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့ရဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013