


မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသတွေမှာ မုန်တိုင်းလွန်မြောက်ချိန် မေ ၁၅ ရက် ညပိုင်းထိ အဆက်အသွယ်ရသလောက် မြို့ပေါ်ရှိ လူနေအိမ်တွေ ထက်ဝက်ကျော်လောက် ထိခိုက်ပျက်စီးခဲ့တာရှိပေမဲ့ လူတွေ အသေအပျောက် သတင်းတွေကတော့ မကြားသိရသေးပါဘူး။
မောင်တောမြို့နယ်မှာနေထိုင်တဲ့ ဒေသခံလူငယ်တဦးက “မောင်တော ဘာမှ သိပ်မဖြစ်ဘူး။ အပင်တွေလဲတာတော့ ရှိတယ်။ လေကတော့ ကြောက်စရာအရမ်းကောင်းခဲ့တယ်။ ဘူးသီးတောင်လည်း အခြေအနေကောင်းတယ်တဲ့။ မနက်က MPT ကတ်နဲ့ဆက်တာ ရလိုက်သေးတယ်” လို့ ပြောပါတယ်။
မောင်တောမြို့ပေါ်ရပ်ကွက်တွေမှာ အပင်လဲ၊ လမ်းပိတ်တာမျိုး၊ အိမ်ခေါင်မိုးလန် လွင့်တာမျိုး၊ အိမ်ဝင်းထရံ ပြိုကျတာတွေ နေရာတော်တော်များများဖြစ်ပြီး ၆၅ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းရသလို လူအသေအပျောက် မကြားရသေးတော့ အခြေအနေ ကောင်းတယ်လို့ ယူဆတာပါလို့လည်း ဆိုပါတယ်။
အလားတူပဲ ရန်ကုန်ကိုရောက်ရှိနေတဲ့ ဘူးသီးတောင်ဒေသခံ လူငယ်တဦးကလည်း တဆင့်စကားအရဆို အခြေအနေမဆိုးဘူးလို့ သိရတာမို့ နည်းနည်းစိတ်အေးရပါတယ်လို့ ပြောပါတယ်။
ကညင်တန်း စီးပွားရေးဇုန်ကတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ကုန်ပစ္စည်းတင်ပို့ပြီး ဘင်္ဂလား ဆင်းမ်ကတ် အသုံးပြုသူတချို့နဲ့ ဘင်္ဂလား ဆင်းမ်ကတ် အသုံးပြုနိုင်တဲ့ နေရာမှာ ရှိနေသူတချို့ကတော့ အင်တာနက် အသုံးပြုနိုင်တယ်လို့သိရပါတယ်။
ခုချိန်မှာ MPT ဆင်းမ်ကတ် တချို့ကို ခေါ်ဆိုရာမှာ အိန္ဒိယ၊ အင်္ဂလိပ် ဘာသာစကား ၂ မျိုးနဲ့ ဆက်သွယ်မရနိုင်ကြောင်း ဖြေကြားတာမျိုးကိုလည်း ကြုံတွေ့ရပြီး ဆက်သွယ်ရေးအော်ပရေတာအားလုံး ပြတ်တောက်နေတာမို့ အခြေအနေအားလုံးကို မသိနိုင်သေးပါဘူး။











