DVB Logo
Home
Lead Story
အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီ ကိုသွားဖို့ စိန်ခေါ်မှုများ
DVB
·
May 16, 2023
အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီ ကိုသွားဖို့ စိန်ခေါ်မှုများ
Donate to DVB

အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီကို သွားဖို့ဆိုရင် ပစ္စုပ္ပန်မှာ ဖက်ဒရယ်ဒီမိုကရေစီကို သွားနေတဲ့အကြောင်းတွေ ဖြစ်ပေါ်နေသလား၊ အားကောင်းနေသလား ဆိုတာကို ကျနော်တို့ လေ့လာချဉ်းကပ်ကြည့်ရမှာ ဖြစ်ပါတယ်။

အဓိကပြဿနာက ဘာလဲဆိုတော့ လက်ရှိ ကျနော်တို့နိုင်ငံက ဒီမိုကရေစီကို ဆိတ်သုဉ်းနေတာ။ ဒိမိုကရေစီကို အသတ်ခံနေရတာ။ လူ့အခွင့်အရေးတွေကို ခြိမ်းခြောက်ခံနေရတာ။ အသက်ရှင်သန်ခွင့်ကို မသေချာ မရေရာတော့တာ။

“ဒီမိုကရေစီ ဆိုတာ”

ယခုကာလမှာ ဖက်ဒရယ်ကို အသာထားဦး၊ ဒီမိုကရေစီအနံ့ကို ကျနော်တို့ မရနေတာ။ ဒီမိုကရေစီနည်းစနစ်နဲ့ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်သူ့အစိုးရရဲ့ အချုပ်အခြာအာဏာကို စစ်တပ်က ဖွဲ့စည်းပုံနဲ့ မကိုက်ညီပါဘဲနဲ့ကို အတင်းအဓမ္မ သိမ်းယူခြင်း ခံလိုက်ရတာ။ ဒီမိုကရေစီစနစ်အရဆိုရင် အချုပ်အခြာအာဏာဟာ ပြည်သူထံက ဆင်းသက်တယ်။ စစ်တပ်က အာဏာသိမ်းလိုက်တော့ အချုပ်အခြာအာဏာဟာ တပ်ချုပ်ဆီက ဆင်းသက်တယ်။ ဒီမိုကရေစီမှာ အချုပ်အခြာအာဏာကို အပိုင်းကြီးသုံးပိုင်းနဲ့ အညီအမျှ‌ ပိုင်းထားတယ်။

၁။ ဥပဒေပြုရေး အာဏာ

၂။ အုပ်ချုပ်ရေး အာဏာ

၃။ တရားစီရေးရေး အာဏာ ဆိုပြီး စသဖြင့် သီးခြားစီရှိတယ်။

အဲဒီ အာဏာကြီးသုံးရပ်ကို ခွဲခြားထားရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုရှိစေဖို့ပဲ။ ဒါမှသာ ဒီမိုကရေစီအစိုးရဟာ အားကောင်းတဲ့ တကယ့်ပြည်သူ့အစိုးရ ဖြစ်မယ်။ တစု တဖွဲ့ကပဲ အာဏာရှိမယ်ဆိုရင် တခြားအစုအဖွဲ့တွေက ထိန်းကျောင်းလို့မရဘူးဆိုရင် တပါတီ၊ တစုတဖွဲ့ အာဏာရှင်ပါပဲ။

အခု စစ်တပ်က အာဏာသိမ်းလိုက်တော့ အချုပ်အခြာအာဏာ ၃ ရပ်‌လုံးဟာ တပ်ချုပ်ဆီ ရောက်သွားတယ်။ တနိုင်ငံလုံးကို သူ့ပါးစပ်ထဲကထွက်တဲ့ စကားကို ဥပဒေလုပ်ပြီး အုပ်ချုပ်နေတယ် မဟုတ်လား။ စစ်ကောင်စီ ဘာတွေ ဘယ်လိုဖွဲ့ဖွဲ့၊ ခေါင်းစဉ်တွေ ဘယ်လိုပြောင်းပြောင်း စစ်အုပ်ချုပ်ရေးက စစ်တပ်အုပ်ချုပ်ရေးပါပဲ။ အဲဒီလို ဒီမိုကရေစီ သေဆုံးနေတဲ့အချိန်မှာ အနာဂတ်တို့ ဖက်ဒရယ်တို့ဆိုတာ တကယ့်ကို စိတ်ကူးယဉ်အိပ်မက်ပါပဲ။

“ဖက်ဒရယ်ဆိုတာ”

ဒီမိုကရေစီက ဖက်ဒရယ်ကိုသွားဖို့အတွက် အခြေခံအုတ်မြစ်ပါပဲ။ ဒီမိုကရေစီမရှိဘဲနဲ့ ဖက်ဒရယ်ကို သွားလို့ကို မရပါဘူး။ အဲဒါကြောင့် အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီကို သွားချင်ရင် ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းဖို့လိုပါတယ်။ စစ်တပ်က ဦးဆောင်ပြီး ဖော်ဆောင်မယ့် ဒီမိုကရေစီကတော့ ပြည့်တန်ဆာမအပေါ် သက်ညှာတဲ့ မုဒိမ်းကောင်ရဲ့ သက်ညာမှုမျိုးထက် မပိုပါဘူး။ နိုင်ငံတော်ဟာ မိအေး နှစ်ခါ သုံးခါနာ ဖြစ်ရုံကလွဲပြီး မပိုပါဘူးဗျာ။ အဲဒါ အဓိကစိန်ခေါ်မှုပဲ။

စစ်တပ်က ယခင် မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ် လုပ်ချင်သလို မြန်မာနိုင်ငံဟာ စစ်တပ်ယူပေးတဲ့ ဒီမိုကရေစီ၊ ၂၀၀၈ ကပေးတဲ့ မယားငယ်ပေးပေးတဲ့ ကျပ်မပြည့်တဲ့ ဒီမိုကရေစီ၊ ဘုရားစူးစေ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကိုပဲ ဖြစ်စေချင်တာပါ။ တဖက်ကလည်း ပြည်သူလူထုက ၁၀၀ ရာခိုင်နှုန်း ဒီမိုကရေစီကို လိုချင်တာ။ အဲဒီတော့ စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွား ထိပ်တိုက်တွေ့တဲ့ စိန်ခေါ်မှုပဲ။ ဘယ်စိန်ခေါ်မှုက အနိုင်ရမလဲ။ အဲဒါပဲ။ ယခင် နှစ်ပေါင်းများစွာကတော့ စစ်တပ်ရဲ့ အကျိုးစီးပွားဘက်ကပဲ အသာစီးရခဲ့တယ်။ ပြည်သူတွေဘက်က အနာကြီး နာခဲ့တယ်။ လူအများစုရဲ့ ထောက်ခံမှုကိုရတဲ့ NLD ပါတီပင် အလူးအလဲ ခံခဲ့ရတယ်။

ဒီမိုကရေစီက လူအများစုရဲ့ ဆန္ဒနဲ့အညီ အုပ်ချုပ်ရတဲ့အတွက် လူအနည်းစု အခွင့်အရေး‌အတွက် စိန်ခေါ်မှု ပြန်ဖြစ်တယ်။ အဲဒီစိန်ခေါ်မှု အခက်အခဲ ပြဿနာတွေကို ဖက်ဒရယ်ဝါဒက ဖြေလျှော့ ထိန်းညှိပေးတယ်။ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲတွေ ရှိတဲ့အတွက် အစိုးရနှစ်ရပ်က ပီပီပြင်ပြင်ရှိလိမ့်မယ်။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအပြင် ဒေသန္တရအစိုးရတွေပါ အားကောင်းလာတဲ့အတွက် ပြည်သူလူထု အောက်ခြေအထိ လုပ်ပိုင်ခွင့်တွေ ကျယ်ပြန့်လာတယ်။ အဲဒီလို အာဏာက လူထုအောက်ခြေအထိ အပြန့်ကျယ်လာတဲ့အတွက် အာဏာကို ထိန်းသိမ်းပြီး ကိုယ်ကျိုးစီးပွားရှာချင်တဲ့ စစ်တပ်တိုင်းက ဖက်ဒရယ်ကို တကယ်မလိုချင်ဘူး။

အဲဒါ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် ပြဿနာပဲ။ လက်ရှိ လက်နက်ကိုင် အဖွဲ့အစည်းတွေ များစွာရှိတယ်။ လက်နက်ကိုင်ထားတဲ့အတွက်လည်း သက်ဆိုင်ရာ နယ်ပယ်တွေက ထိုက်သင့်တဲ့ အကျိုးစီးပွားတွေ ရကြတယ်။ ကိုယ့်တပ်မှာတော့ ကိုယ်က ဗိုလ်ပဲ။ နောက်ဆုံး ဆုံးဖြတ်ချက်ချပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အပြည့်ရှိတယ်။ ဖက်ဒရယ်လုပ်ရင် လက်နက်ကို ပြည်သူ့အစိုးရထံ အပ်ရမယ်။ တခုတည်းသော တပ်မတော်အောက်မှာ နေရမယ်။ ဖက်ဒရယ်တပ်မတော်အောက်မှာ နေရမယ်။

အဲဒီလို သူတို့နေနိုင်ကြမလား၊ ကိုယ်ရရှိထားတဲ့ ရာထူး အာဏာ လုပ်ပိုင်ခွင့်တွေ အလွယ်တကူ စွန့်လွှတ်နိုင်ကြပါ့မလား။ အဲဒါ တကယ့်ကို စိန်ခေါ်မှုပဲ။ ကျနော်တို့နိုင်ငံက ဗိုလ်တထောင်နိုင်ငံ။ ဗိုလ်တွေကြီးပဲ။

လက်ရှိတော်လှန်ရေးမှာလည်း ဗိုလ်လုပ်ချင်တဲ့သူက များတယ်။ PDF သင်တန်းတုန်းက ဟသလေး ပြောရဦးမယ်...။

“ငါတို့တပ်ဖွဲ့ထဲမှာလည်း ဗိုလ်တွေကြီးပဲတဲ့၊ တပည့်လေးတယောက် ရှိပါတယ်၊ ဗိုလ်သင်တန်း တက်ချင်လို့တဲ့။”

“ဖက်ဒရယ်နိုင်ငံတော်”

ဖက်ဒရယ်နိုင်ငံတော်ကို တကယ်သွားမယ်ဆိုရင်တော့ ကိုယ်တသက်လုံးစားလာခဲ့တဲ့ ဂျင်းတက်ကြီးတွေကို အရင်အန်ထုတ်ကြရမယ်။ ထိထိမိမိ ပြောချင်တာရှိတယ်။ အဲဒါက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတဲ့ ဂျင်း။ အားလုံးက သီးခြားလွတ်လပ်တဲ့ နိုင်ငံတော်တွေဆီကို ပြန်သွားကြရမှာပါ။ ဘယ်အထိလဲ။ ၁၉၄၈ မတိုင်ခင်ကအထိပေါ့။ အဲဒါမှ နိုင်ငံရေးအရ တန်းတူသွားမှာ။ အဲဒီလို တန်းတူရည်တူနိုင်ငံရေး မဖြစ်သမျှ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးက စိန်ခေါ်မှုတွေ ရှိနေဦးမှာပဲ။ စစ်ကောင်စီနဲ့ အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေက တကယ်ပဲ ဖက်ဒကယ်ကို လိုချင်ကြသလားဆိုတဲ့ မေးခွန်းကြီးကိုသာ နာနာမေးပြီး စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ကြပါစေဗျာ။

ချစ်မင်းနွဲ့ကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013